🖌️မင်းသုတ🖌️
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် နိုင်ငံလုံးကျွတ်နီးပါးထိ အနိုင်ရရှိခဲ့သည်။ NLD သည် ၂၀၁၅ မှ ၂၀၂၀ အထိ အစိုးရ ဖြစ်နေခဲ့သည်။ မြန်မာနိုင်ငံ၏ အစိုးရသက်တမ်းမှာ ငါးနှစ်အထိ သတ်မှတ်ထားခဲ့ကြသည်။ NLD အစိုးရ ငါးနှစ်သက်တမ်း ပြည့်မြောက်သွားသည့်အခါ ပြန်၍တစ်ဖန် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ NLD ပါတီ၏ ဒုတိယသက်တမ်း ငါးနှစ်အတွက် အစိုးရဖွဲ့စည်းခါနီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူခဲ့သည်။ NLD အစိုးရ၏ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးချိန် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း သဘာဝပေါက်ပင်ကဲ့သို့ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ကြသည်။ ကျောင်းသားလူငယ်များလည်း တော်လှန်ရေးတပ်များကို ဖွဲ့စည်းထူထောင်လာခဲ့ကြသည်။ ၂၀၂၁ အလွန် ပေါ်ပေါက်လာသည့် PDF များသည် နဂိုကတည်းက ရှိနေသည့်တော်လှန်ရေးအဖွဲ့အစည်းများထံတွင် စစ်ရေးစစ်ရာများကို နည်းနာခဲ့ကြသည်။ အထူးသဖြင့် စစ်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်မှုရရှိနေသည့် အာရက္ခတပ်တော် (AA) ထံမှာ စစ်ရေးစစ်ရာများကို သင်ယူခဲ့ကြသည်။ အာရက္ခတပ်တော်နှင့်အတူ အာဏာရှင်ကို တိုက်ထုတ်ကာလည်း စစ်ရေးအတွေ့အကြုံများကို ရယူခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေး (PDF) များအပါအဝင် အားလုံးသော တော်လှန်ရေးအဖွဲ့အစည်းများသည် အာဏာသိမ်းစစ်တပ်ကို ဘုံရန်သူအဖြစ် ရှုမြင်ကာ တိုက်ခိုက်နေ (ခဲ့) ကြသည်။ အာဏာသိမ်းစစ်တပ်သည်လည်း ဟင်္သာအုပ်စုတွင် ကျီးကန်းတစ်ကောင် တိုက်ခိုက်ခံနေရသည့်အဖြစ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မတိုင်မီ ၁၉၆၂ ခုနှစ်တွက် နေဝင်း အာဏာသိမ်းယူခဲ့သည်။ နေဝင်းအာဏာသိမ်းခဲ့ချိန်တွင် လက်နက်ကိုင်တော်လှန်ရေးတပ်များ ပေါ်ပေါက်ခြင်းမရှိခဲ့ပေ။ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA, ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) များသာ ရှိနေခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်စောမောင် အာဏာသိမ်းယူခဲ့သည်။ ထိုစဉ် ဒီမိုကရေစီလှုပ်ရှားမှုနှင့် လက်နက်ကိုင်တပ်တချို့ ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် ကျောင်းသားလူငယ်အများအပြား တိုင်းရင်းသားဒေသများကို ထွက်ခွါကာ တောခိုခဲ့ကြသည်။ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းခဲ့ကြသည်။ မိုးသီးဇွန်၊ ကိုကိုကြီး၊ မင်းကိုနိုင်၊ မြအေး အစရှိသည့်ပုဂ္ဂိုလ်များသည် ၈၈ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းယူလိုက်ခြင်းသည် တော်လှန်ရေးအဖွဲ့အစည်းများ အပေါ်ပေါက်ဆုံးဟု ပြောဆိုနိုင်သည်။ အပြစ်မဲ့အရပ်သား ပြည်သူများကိုလည်း သတ်ဖြတ်မှု အများဆုံးဖြစ်သလို လူနေအိမ်၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကိုလည်း တိုက်ခိုက်ဖျက်ဆီးမှု အများဆုံး ဖြစ်နေသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ဝန်းရံတိုက်ခိုက်ခြင်းကို မခံနိုင်သည့်အခါ ထွက်ပေါက်တစ်ခုကို ရှာဖွေခဲ့သည်ဟု ဆိုရပါမည်။ ယင်းကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၈) ရက်နေ့တွင် ပထမအဆင့်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ဒုတိယအဆင့်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် တတိယအဆင့်ဆိုပြီး အပိုင်းသုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တပ်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ (PP)၊ ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) နှင့် ဒေါက်တောအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) အစရှိသည့်ပါတီများ အဓိက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စစ်ခေါင်းဆောင် ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သည့်အလျောက် တီးလုံးတိုက်ထားသည့်အတိုင်း စစ်တပ်နောက်ခံပြု (USDP) ပါတီက အနိုင်ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း သူလိုလားနေခဲ့သည့် သမ္မတရာထူးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ရယူထားခဲ့သည်။
စစ်ယူနီဖောင်းကိုချွတ်ကာ တိုက်ပုံအင်္ကျီနှင့် ပုဆိုးကိုဝတ်ဆင်ပြီး ရာဇသနပလ္လင်ပေါ်မှာ မင်းစိုးရာဇာအဖြစ် ပြည်သူအလိုမတူဘဲ အဓမ္မ နေရာယူထားလိုက်ခြင်း ဖြစ်သည်။ ဘောလုံးကစားသမားတစ်ယောက် ကျောနံပါတ်လဲကာ တခြားကျောနံပါတ်တစ်လုံးကို ဝတ်ဆင်ပြီး ပါဝင်ကစားခြင်းကဲ့သို့ ဖြစ်သည်။ ဝတ်စုံသာ ပြောင်းလဲသွားသည်။ လူကတော့ ပြောင်းလဲသွားခြင်း မရှိခဲ့ပါ။ သူ့အရပ်မှာ သူ့ဇာတ်အဖြစ် လိုသလို ကပြနေခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် မျှတမှုမရှိသောရွေးကောက်ပွဲ၊ အတုအယောင်ရွေးကောက်ပွဲ၊ ဟန်ရေးပြရွေးကောက်ပွဲဆိုပြီး အမည်နာမတပ်ကာ ပြောဆိုနေကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်းများသည်လည်း စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရန်အတွက် မောင်းနှင်ပေးခဲ့ရသည့် ဘီးများအဆင့်သာ ဖြစ်နေခဲ့ကြသည်။
စစ်ခေါင်းဆောင်အဖြစ်က သမ္မတအမည်ခံ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ကစပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိကို ရက် (၁၀၀) စီမံကိန်းအဖြစ် ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့သည်။ သို့သော် သူ၏ ရက် (၁၀၀) စီမံကိန်းကို တော်လှန်ရေးအဖွဲ့အစည်းများ ယုံကြည်မှုမရှိခဲ့ကြပေ။ ရက် (၁၀၀) ပြည့်မြောက်သွားသော်လည်း မည်မည်ရရ ပြောင်းလဲသွားသည်ဟူ၍ မူး၍ ရှုစရာတောင်မှ မရှိခဲ့ပေ။ ရက် (၁၀၀) စီမံကိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုးအဖွဲ့ (၁၀) ဖွဲ့၊ NCA မထိုးထားသော အဖွဲ့ (၈) ဖွဲ့ကို ခေါ်ယူဆွေးနွေးဖို့ရန် သတ်မှတ်ထားကြောင်း အာဏာသိမ်းသမ္မတအမည်ခံက ပြောဆိုထားခဲ့သည်။ “ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အများကြီးသွားခဲ့ပြီးပြီပဲ။ ဘာမှ ထူးလာတာ မဟုတ်ဘူးလေ” ဆိုပြီး KIA ဗိုလ်ချုပ်ဂွမ်မော်က ငြီးငွေ့စွာ ပြောဆိုထားသည်။ ဤအချက်ကို ထောက်ဆသောအားဖြင့် အမည်ခံသမ္မတ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လက်တွေ့တွင် အကောင်အထည်ပေါ်မလာဘဲ ပွဲပြီး မီးသေ အဆင့်မျှသာရှိနေသည်ကို တွေ့မြင်ရသည်။ ငြိမ်းချမ်းဆွေးနွေးပွဲ ဆိုသည့်ခေါင်းစဉ်ကို တော်လှန်ရေးခေါင်းဆောင်များ အယုံအကြည် ကင်းမဲ့နေသည်ကိုလည်း ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တော်လှန်ရေးခေါင်းဆောင်အဖိုးအိုများကို ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းထားပေးနေခဲ့သည့် ရုပ်သံတစ်ခုကိုလည်း Facebook Online ပေါ်တွင် စက်တင်ဘာလ (၈) ရက်နေ့စပြီး ကျယ်ပြန့်စွာ တွေ့မြင်နေခဲ့ရသည်။ တော်လှန်ရေးခေါင်းဆောင် အဖိုးကြီးများ ညစာစားပွဲတွင် ကပြ ဖျော်ဖြေ နေကြခြင်းလည်း ဖြစ်သည်။ တက်ရောက်လာကြသည့် တော်လှန်ရေးခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအရသာကို ခံစားကြရမည်မဟုတ်ဘဲ ဖျော်ဖြေရေးဆန်ဆန် ဖြစ်နေတာကို ခံစားရမည်မှာ မလွဲဧကန်ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာစေရန် ခေါ်ဆောင်ခြင်းတစ်မျိုးဟုလည်း ခေါင်းစဉ်တပ် ပြောဆိုနိုင်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ပြောဆိုရပါက ရွေးကောက်ပွဲအတုက ပေါ်ထွက်လာသည့် သမ္မတအတုရဲ့ အတုအယောင်ဖြစ်သော ငြိမ်းချမ်းရေးအတု ဆွေးနွေးပွဲပင် ဖြစ်သည်။
တစ်ဖက်မှာလည်း သမ္မတအမည်ခံ ဦးမင်းအောင်လှိုင် လွှဲအပ်ပေးခဲ့သည့် စစ်ခေါင်းဆောင် ရဲဝင်းဦးသည် ရက္ခိုင်ပြည်ကို စစ်ဆင်ရေးတိုးမြှင့်နေသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် သူ၏လူယုံတော်ရဲဝင်းဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် တပ်ချုပ်တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အထူးသဖြင့် သူ သမ္မတလုပ်ရန်အတွက် လွှဲပြောင်းပေးခဲ့ခြင်းဟု ပြောဆိုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဦးမင်းအောင်လှိုင်သည် သူစခဲ့သည်ဇာတ်ကို သူ အဆုံးသတ် မကပြနိုင်သောကြောင့် ရဲဝင်းဦးကို လွှဲချပေးခဲ့ခြင်းဟုလည်း ပြောဆိုနိုင်သည်။ ရဲဝင်းဦးသည်လည်း “အဖေထက် သားတစ်လကြီး”ဆိုသလို ဦးမင်းအောင်လှိုင်ထက် ပိုပြီးတော့ ရက်စက်မှုအပေါင်းကို သရဖူဆောင်းပြနေသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင့်လက်ထက်တွင် အရပ်သားပြည်သူကို တစ်ကြိမ်လျှင် တိုက်လေယာဉ်တစ်စီးဖြင့် တိုက်ခိုက်ခဲ့ပါက စစ်ခေါင်းဆောင်ရဲဝင်းဦးသည် တိုက်လေယာဉ် သုံးစီးနှင့်အထက်ကို အသုံးပြု တိုက်ခိုက် ဖျက်ဆီးလေ့ရှိနေသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်တွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ရက္ခိုင်ပြည်ကမြို့နယ်များ ပြန်လည်ရယူရန် ကြိုးစားနေသည်ကို တွေ့မြင်လာနေရသည်။ စစ်ကော်မရှင်သည် စက်တင်ဘာ (၄) ရက်နေ့ကစပြီး အင်အားဖြည့်တင်းကာ အာရက္ခတပ်တော်ကို ရေကြောင်းခရီးဖြင့် တိုက်ခိုက်လာခဲ့သည်။ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို အဓိက တိုက်ခိုက်လာသည်။ ကျော်စိုးဦး၊ ကျော်မျိုးမင်းကဲ့သို့သော စစ်လော်ဘီများက “၄၉၂၆” စစ်ဆင်ရေးဆိုပြီး အွန်လိုင်းတွင် အာချောင်ကာ ဝါဒဖြန့်ချိခဲ့ကြသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၄) ရက်နေ့တွင် အင်အားအများအပြားဖြင့် စတင် တိုက်ခိုက်ခဲ့သောကြောင့် (၄၉၂၆) စစ်ဆင်ရေးဆိုပြီး ဝါဒဖြန့်ချိခဲ့ခြင်းလည်း ဖြစ်သည်။ စစ်ကော်မရှင်က ပေးထားသည့် တရားဝင်စစ်ဆင်ရေးအမည်မှန်မှာ “ရန်နိုင်မင်း”ဟု သိရသည်။ “ပဒုံမင်း (ခေါ်) ဘိုးတော်မောင်ဝိုင်း စစ်ဆင်ရေး” ဆိုပြီးလည်း စစ်လော်ဘီများ ပြောဆိုခဲ့ကြသေးသည်။
သို့သော် အာရက္ခတပ်တော်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အထိနာကာ အသေအပျောက်လည်း များပြားခဲ့ရသည်။ တစ်ခုသောစစ်မျက်နှာတွင် ပဒုံမင်း (ခေါ်) ဘိုးတော်မောင်ဝိုင်းအဖြစ် ဦးဆောင်လာသည့် ဗျူဟာမှူးကိုယ်တိုင် အာရက္ခတပ်တော်ထံမှာ ဒူးထောက်လက်မြှောက်ကာ လက်နက်ချ အလင်းဝင်နေသည့် ရုပ်သံဖိုင်တစ်ခု Online ပေါ်တွင် ပျံ့နှံ့ခဲ့သည်ကိုလည်း တွေ့မြင်နေခဲ့ရသည်။ (၄၉၂၆) “ရန်နိုင်မင်း-စစ်ဆင်ရေး”တွင် ကျဆုံးသွားသည့် စစ်ကော်မရှင်တပ်သားများ၏ ရုပ်အလောင်းကောင်များကိုလည်း စက်တင်ဘာလ (၆) ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ (၉) ရက်နေ့ ညပိုင်းအချိန်များတွင် စစ်တွေမြို့အတွင်းသို့ စစ်ကားများဖြင့် မီးသင်္ဂြိုလ်ခဲ့ကြကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်ဟု နိရဉ္ဇရာသတင်းဌာနတွင် ဖော်ပြထားခဲ့သည်။ စက်တင်ဘာလ (၆) ရက်နေ့ ညပိုင်းကလည်း စစ်ကား (၂) စီးဖြင့် စစ်သားအလောင်းများ သယ်ဆောင်လာခဲ့ကြောင်းဆိုသည်။
စက်တင်ဘာလ (၉) ရက်နေ့၊ ည (၉း၀၀) နာရီကျော်အချိန်တွင်လည်း စစ်တွေမြို့၊ အာကျိတ်တော်ကုန်းသင်္ချိုင်းသို့ စစ်ကား (၃) စီးဖြင့် စစ်ကောင်စီတပ်သား အလောင်းများ သယ်ဆောင်လာကာ မီးသင်္ဂြိုလ်ခဲ့ကြရကြောင်းကိုလည်း သိရသည်။ ယင်းအပြင် ရှည်လျားသည့်ကုလားတန်မြစ်အတွင်း ထိခိုက်သေဆုံးသူများ၏ ရုပ်အလောင်းများကို တွေ့ရှိနေရသည်ကိုလည်း မကြာခဏ တွေ့ရှိနေရသည်ဟု သိရသည်။
“ သူတို့ (စစ်ကောင်စီ) က ထိုးစစ်လုပ်ချင်ပေမယ့် လုပ်လို့ မရတော့ဘူး။ စစ်တပ်က စစ်တွေစစ်မျက်နှာမှာ သေတာ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိမယ်။ စစ်သားတွေ ပြန်မတက်ရဲတော့ဘူး။ တစ်ဖွဲ့က မတက်ရဲတော့ နောက်ထပ် အသစ်စစ်ကြောင်းတွေ ထပ်တင်ပြီး ထိုးစစ်လုပ်ပေမယ့်လည်း ထပ်အကျအဆုံးများတော့ ထပ်မတက်ရဲတော့ဘူး။ ဒါကြောင့် ဟန်ပြသဘောမျိုး လေယာဉ်တွေနဲ့ လာပစ်တယ်။ အသေခံဒရုန်းတွေနဲ့ လာချတယ်။ ဒီလောက်ပဲ လုပ်နိုင်တော့တယ်”ဆိုပြီး သတင်းရင်းမြစ်တစ်ဦးက နိရဉ္ဇရာသတင်းဌာနကို စက်တင်ဘာ (၁၄) ရက်နေ့က ပြောဆိုထားသည်။ စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်း လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ်များကို ပြန်လည်သိမ်းပိုက်ရယူနိုင်ရန်အတွက် (သို့မဟုတ်) ရက္ခိုင်ပြည်အတွင်း “ရန်နိုင်မင်းစစ်ဆင်ရေး” ကို ဖော်ဆောင်နိုင်ရန်အတွက် အချိန် (၁) နှစ်ခန့်ယူခဲ့ကာ လူအင်အားစုဆောင်းခဲ့ရသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုထားကြရသည်။ စစ်ကော်မရှင်၏ လူအင်အားစုဆောင်းဖြည့်တင်းမှုသည် အရပ်သားပြည်သူများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးခေါ်ယူကာ ရက်တိုသင်တန်းပို့ချခံခဲ့ရသူများ အဓိကပါဝင်နေကြသည်။ ပြည်သူ့စစ်ဟုပင် ပြောဆိုရန်မသင့်သူများကို ရှေ့တန်းသို့ ပို့ဆောင်ပေးထားခြင်းလည်းဖြစ်သည်။
တစ်ခုသောစစ်မျက်နှာတွင် အာရက္ခတပ်တော်ထံမှာ စစ်ကော်မရှင်တပ်သား အများအပြား လက်နက်ချအလင်းဝင်နေကြသည့် ရုပ်သံဖိုင်တစ်ခု Online ပေါ်တွင် ပျံ့နှံ့နေခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ စစ်ကော်မရှင်သည် ထိုးစစ်ဖြင့် ချီတက်လာသော်လည်း ခံစစ်အဖြစ်ပြောင်းလဲသွားကာ တပ်ကျိုးသွားရခြင်း ဖြစ်သည်။ “ဖက်ပေါ် စူးကျလည်း ဖက်ပေါက်၊ စူးပေါ် ဖက်ကျလည်း ဖက်ပေါက်” ဆိုသလို စစ်ကော်မရှင်သည် ထိုးစစ်ဖြင့်လာပါကလည်း တပ်ပျက်ကာ အထိနာပြီး ဒူးထောက်လက်မြှောက်ပြီးအညံ့ခံနေရသည်။ ခံစစ်ဖြင့်ဆိုပါကလည်း ခန္ဓာဇာတ် ချုပ်ငြိမ်းကာ အသက်ဇီဝိန်ကို မရဏသေမင်းလက်ထဲသို့ အပ်နှံခဲ့ရသော စိတ်ပျက်စရာကောင်းသည့် အရှုံးစာရင်းအဖြစ်ကိုသာ ရင်ဆိုင်ကြုံတွေ့နေရသည်။ တပ်ချုပ်ကြီးရဲဝင်းဦး၏ အာရက္ခပြည်အတွင်း စစ်ဆင်ရေးသည် နံရံကို ခေါင်းဖြင့်ဆောင့်နေရသည့်ပမာ ဖြစ်နေသည်။ ကမ်းကပ်လာသည့် စစ်ကော်မရှင်တပ်သားများသည်လည်း အန္တရာယ်ရှိသောနေရာသို့ ဦးတည်နေသကဲ့သို့ ဖြစ်နေရသည်။
တစ်ဖက်မှာလည်း အာရက္ခတပ်တော်၏ တပ်မှူးချုပ်ကိုယ်တိုင်က (၁၇) နှစ်မြောက်အဖြစ် ကျရောက်ခဲ့သည့် အာရက္ခတပ်တော်နေ့ အထိမ်းအမှတ်အဖြစ် စစ်သည်၊ စစ်မယ်များသို့ ပို့ပေးခဲ့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် “လက်ကျန်အဆုံးအဖြတ် တိုက်ပွဲတွေကို ဒီ ၂၀၂၆နဲ့ ၂၀၂၇ မကုန်ခင် လက်စသိမ်း အောင်ပွဲခံသွားမယ်။ လုံးဝယုံကြည်ချက်နဲ့အတူ လုပ်စရာရှိတာတွေကို ဆက်လက် လုပ်ဆောင်လို့ ရှိနေတယ်။ ခြွင်းချက်အနေနဲ့ အဲ့ဒီကာလသို့ရောက်လို့ မပြီးပြတ်သေးရင်လည်း မိုးအဆုံး မြေအဆုံးထိ ချီတက်တိုက်ခိုက်သွားမှာဖြစ်တယ်” ဆိုပြီးလည်း ထည့်သွင်း ပြောဆိုထားခဲ့သည်။ ရွေးကောက်ပွဲအတုက ပေါ်ထွက်လာသည့် သမ္မတအတု၏ ငြိမ်းချမ်းအတုဆွေးနွေးပွဲကို တခြားသော တော်လှန်ရေးအဖွဲ့အစည်းများအား ဖိတ်ကြားနိုင်သော်လည်း အာရက္ခတပ်တော်ကို ယောင်၍သော်မှ ပြောဆိုနိုင်ခြင်းမရှိပေ။ ယနေ့အချိန်သည် ပွင့်လင်းရာသီကို ရောက်ရှိလာနေသည်။ စစ်ရေးအရ အသာစီးရရရှိနေသည့် အာရက္ခတပ်တော်၏ စစ်ဆင်ရေးများဖြင့် လက်ကျန်မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ကာ ရက္ခိုင်ပြည်ကို လုံးဝ လွတ်မြောက်ပြည် (စစ်ကော်မရှင်ကင်းစင်ပြည်) အဖြစ် ပုံဖော်ပြသွားမည်လား ဆိုသည်ကိုလည်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်ရမည့်ပွဲစဉ်တစ်ခု ဖြစ်နေသည်။ ။