အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူလွန်ကဲမှုနဲ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်လာနိုင်လို့ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းက သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
သင်တန်းကျောင်းရဲ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုက ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက်မြင့်လာလို့ ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး အပူလွန်ကဲခြင်း၊ အပူလျှပ်ခြင်းအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခြင်ကနေကူးတဲ့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်လို့ သိရပါတယ်။
သင်တန်းကျောင်းက ပြည်သူတွေအနေနဲ့ ရေဓာတ်မခမ်းခြောက်အောင် ရေကို လုံလောက်စွာ သောက်ဖို့၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစား ဝတ်ဖို့၊ နေရောင်ခြည် တိုက်ရိုက်မထိအောင် ရှောင်ဖို့၊ သန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေကိုပဲ သုံးဖို့ အသိပေးထားပါတယ်။
နေပူပြင်းတဲ့အချိန်တွေမှာ အလုပ်ကြမ်းလုပ်တာ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ရှောင်ဖို့၊ ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အပူချိန်မြင့်တဲ့ ကားထဲမှာ ပိတ်လှောင်မထားဖို့လည်း အထူးသတိပေးထားပါတယ်။
အပူလွန်ကဲမှုကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ကိုယ်အပူချိန် လွန်ကဲစွာမြင့်ပြီး သတိလစ်ခြင်းတွေ ဖြစ်ရင် အရေးပေါ် ကျန်းမာရေး အခြေအနေဖြစ်လို့ အေးမြတဲ့နေရာကို အမြန်ရွှေ့ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ချက်ချင်း ဆေးကုသမှု ခံယူဖို့ သင်တန်းကျောင်းက တိုက်တွန်းထားပါတယ်။