မင်းသုတ
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် ပညာရေးဌာန (ဗဟို) သည် ဒွါဒသမတန်း၊ မြန်မာစာဘာသာရပ်အစား ရက္ခိုင်စာဘာသာရပ်ကို အစားထိုး ပြဋ္ဌာန်းလိုက်သည်။ ရက္ခိုင်စာသင်ရိုးတွင် “နရာဓိပတိကျောက်စာ” ဆိုသည့် သင်ခန်းစာတစ်ရပ်လည်း ပါဝင်သည်။ နရာဓိပတိမင်းဆိုသည်မှာ “ဘုရင်မင်းရာဇာကြီး” ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဘုရင်မင်းရာဇာကြီးသည် မြောက်ဦးခေတ်၏ (၁၇) ဆက်မြောက် ဘုရင်ဖြစ်သည်။ ဘုရင်မင်းဖလောင်း (၉၃၃- ၉၅၅) ၏ သားတော်ကြီးတစ်ပါးလည်း ဖြစ်သည်။ ရက္ခိုင်သမိုင်းတွင် ထင်ရှားပြီး လူသိများသည့် ဘုရင်မင်းဗာကြီးသည် ဘုရင်မင်းဖလောင်း၏ ဖခမည်းတော်ဖြစ်သည်။ ယင်းကြောင့် မင်းဗာကြီးသည်လည်း မင်းရာဇာကြီး၏ အဖိုးတော်အရင်း ဖြစ်သည်။
ဘုရင်မင်းဖလောင်းတွင် သတိုးဓမ္မရာဇာ (မင်းရာဇာကြီးလောင်းလျာ) တော်နှင့် သတိုးမင်းစောဟူ၍ သားတော်နှစ်ပါး ရှိလေသည်။ ခမည်းတော် မင်းဖလောင်းသည် သားတော်ကြီးဖြစ်သည့် သတိုးဓမ္မရာဇာကို အိမ်ရှေ့စံမင်း (ဥပရာဇာ) ရာထူးကို ပေးအပ်ပြီး၊ သားတော်ငယ်ဖြစ်သည့် သတိုးဓမ္မအောင်ကို စစ်သူကြီးရာထူး ပေးအပ်လေသည်။ ဥပရာဇာ (ခေါ်) အိမ်ရှေ့စံမင်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် (သမားရိုးကျဖြင့်) ဘုရင်ကံတော်ကုန် နတ်ရွာစံလျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမည့်ပုဂ္ဂိုလ် (မင်းလောင်းလျာတော်မြတ်) ဖြစ်သည်။ ရက္ခိုင်သက္ကရာဇ် (၉၃၃) ခုနှစ်တွင် နန်းတက်ခဲ့သည့် ဘုရင်မင်းဖလောင်းသည် (၉၅၅) ခုနှစ်တွင် ကံတော်ကုန် နတ်ရွာစံတော် မူခဲ့သည်။ ထိုအခါ ဥပရာဇာဖြစ်သည့် သတိုးဓမ္မရာဇာသည် မျောက်သားတော် တော်စပ်သည့် မင်းသမီးဝိဇလာနှင့် ရာဇာဘိသေက မင်္ဂလာပြုလုပ်ကာ ထီးမွေနန်းရိပ်ကို ဆက်ခံ၍ ဘုရင်အဖြစ် အုပ်ချုပ်ခဲ့သည်။ မင်းရာဇာကြီး (နရာဓိပတိ) ဘွဲ့ကို ခံယူခဲ့သည်။ ညီတော်ဖြစ်သည့် သတိုးမင်းစောကို စစ်တကောင်းမြို့စားအဖြစ် ပေးအပ်လေသည်။
ဘုရင်မင်းရာဇာကြီးသည် အိမ်ရှေ့စံမင်းဘဝကတည်းက ဗေဒင်ဆရာ (ဟူးရားအတတ်ပညာရှင်) ပုဏ္ဏားမုဏိဓောက်သည် “ရက္ခိုင်သက္ကရာဇ် ၉၅၅ ခု၊ ဝါဆိုလတွင် အလိုတော်ပြည့်ကာ ဘုရင်ဖြစ်မည်” ဟု ဟောကိန်းထုတ် ပေးခဲ့သည်။ ဟောကိန်းထုတ်ခဲ့သည့်အတိုင်းလည်း သက္ကရာဇ် ၉၅၅ ခု၊ ဝါဆိုလဆန်း (၆) ရက်၊ တနင်္ဂနွေနေ့တွင် ဘုရင်ဖြစ်လာသည်။ ဗေဒင်ဆရာပုဏ္ဏား မုဏိဓောက်၏ ဟောပြောချက် မှန်ကန်သောကြောင့် လယ်ငါးရှဉ်းနှင့် သုံးပွါ (တစ်ရှဉ်း၏ လေးပုံ သုံးပုံ) ကို သားစဉ်မြေးဆက် အပိုင်စား ပေးအပ်ခဲ့သည်။ ဟိန္ဒူလူမျိုးများ နေထိုင်သည့် ကင်းပြင်ရွာ (ဗေဒင်ဆရာ မုဓိဓောက် နေထိုင်သည့် ရွာအနီး ဖြစ်ဖွယ်ရှိသည့်နေရာ) တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်ပိုင်မြေ (မျက်မှောက်ခေတ်အားဖြင့်ဆိုပါက အစိုးရပိုင်မြေ) ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သက္ကရာဇ် ၉၅၅ ခု၊ တပို့တွဲလဆန်း (၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်ဖြစ်ပြီး လပိုင်းအကြာတွင် ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ပုဏ္ဏားမုဏိဓောက်အား ဆုလာဘ်တော်အဖြစ် ပေးအပ်ခဲ့သည်ကို နောင်လာနောက်သားများ သိရှိစေရန် ကျောက်စာတစ်ချပ်တွင် မှတ်တမ်းတင် ရေးထိုးထားခဲ့သည်။ အဆိုပါကျောက်စာကို နရာဓိပတိကျောက်စာဟု ခေါ်ဆိုသည်။ ရက္ခဝဏ္ဏ (ခေါ်) ရက္ခိုင်အက္ခရာဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်သုံး အက္ခရာလည်း ဖြစ်သည်။ အဆိုပါ ကျောက်စာကို မြောက်ဦးမြို့၏ အရှေ့ဖက်၊ ပုဏ္ဏား (ခေါ်) ဟိန္ဒူလူမျိုးများ နေထိုင်သော အိမ်ရာတစ်ခုတွင် သက္ကရဇ် (၁၉၅၀) ပြည့်နှစ်တွင် ရက္ခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းနှင့် မြေစာရင်း ဦးစိန်လုံးဖြူတို့က သျှစ်သောင်းပုထိုးတော်ကြီးအတွင်းသို့ ပြောင်းရွှေ့ယူခဲ့သည်ဟု ဆိုထားသည်။ ကျောက်စာတွင် “အတောင်းအမှက်မယူပေး၏” ဟု ဆိုထားသောကြောင့် ဘုရင်မင်းရာဇာကြီးသည် အဂတိတရား ကင်းရှင်းပြီး တရားသဖြင့် အုပ်ချုပ်သည့် မင်းတစ်ပါးဖြစ်ကြောင်းကို သိမြင်နိုင်ပါသည်။ “ချီးမြှင့်တော်မူသည်” ဟု ထီးနန်းသုံး ဝေါဟာရကို မသုံးနှုန်းဘဲ “လှူတော်ပြုသည်” ဟု ရေးထိုးထားသောကြောင့်လည်း ဘာသာတရား ကိုင်းရှိုင်းသော မင်းတစ်ပါးဖြစ်ကြောင်းကိုလည်း သိမြင်နိုင်မည် ဖြစ်သည်။ မင်းကျင့်တရား ဆယ်ပါးတွင် ပထမဆုံးသော “ဒါန” တရားကို အလှူတော်မြောက်အောင် ကျင့်သုံးထားခြင်းအဖြစ်လည်း ရှုမြင်နိုင်သည်။
သက္ကရာဇ် ၉၅၉ ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူ (မင်းရဲကျော်ထင်) သည် ဟံသာဝတီ (ပဲခူး) “ဘုရင်နန္ဒ” ကို စစ်တိုက်ရန်အတွက် ဘုရင်မင်းရာဇာကြီးကို စစ်ကူတောင်းခံခဲ့သည်။ ဘုရင်မင်းရာဇာကြီးတွင် စစ်သည်အင်အား တောင့်တင်းသည်။ မဟာပညာကျော်ကဲ့သို့သော နန်းတွင်းပညာရှိ အမတ်ကြီး (ဉာဏ်ကြီးရှင်) လည်း ရှိနေသလို မဟာပညာကျော်၏သား “ကျီးညို” လည်း ရှိလေသည်။ “ကျီးညို” ဆိုသည်မှာ ပညာဝံသ (မဟာဇေယျသိန်) ဘွဲ့အမည်ဖြင့် ကျော်ကြားခဲ့သည့် ပညာရှိပုဂ္ဂိုလ်၊ စာဆိုအကျော်လည်း ဖြစ်သည်။ ဘုရင်မင်းရာဇာကြီးသည်လည်း လက်ရုံးရည်ရော နှလုံးရည်နှင့်ပါ ပြည့်စုံသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ရေတပ်ကို ဦးဆောင်သော ဘုရင်၏ ညီတော်ဖြစ်သူ သတိုးမင်းစောလည်း ရှိလေသည်။
ဤသို့ စစ်ရေးတွင်အဖက်ဖက်က သာလွန်နေသည့် ရက္ခိုင်ဘုရင် မင်းရာဇာကြီးကို စစ်ကူတောင်းခံခဲ့ခြင်း ဖြစ်သည်။ “ဟံသာဝတီ (ပဲခူး) ကို တိုက်ယူ၍ ပေးတော်မူပါ။ ပဲခူးမြို့ကို သိမ်းပိုက်ရရှိခဲ့ပါက နန္ဒဘုရင်၏ သမီးတော် ခင်မနှောင်းနှင့် ဆင်ဖြူတော်တစ်စီး ပေးအပ်ပါမည်” ဆိုသည့် အပေးအယူ (စစ်ရေးကတိကဝတ်) လည်း ပါရှိလေသည်။ ဘုရင်မင်းရာဇာကြီးကလည်း လက်ခံတော် မူလိုက်သည်။ တောင်ငူဘုရင် မင်းရဲသီဟသူနှင့် ရက္ခိုင်ဘုရင် မင်းရာဇာကြီးတို့သည် စစ်ရေးအရ မဟာမိတ်များ ဖြစ်ခဲ့ကြသည်။ တောင်ငူဘုရင်သည် ရက္ခိုင်ဘုရင် မင်းရာဇာကြီးကို “တူတော်” ဟု ချစ်စနိုးဖြင့် ခေါ်ဆိုကြောင်းကိုလည်း သိရသည်။ ယင်းသို့ ခေါ်ဆိုခြင်းကို ထောက်ဆသောအားဖြင့် ရက္ခိုင်ဘုရင်နှင့် တောင်ငူဘုရင် နှစ်ပြည်ထောင်မင်းများ ပုဂ္ဂိုလ်ရေးအရလည်း ချစ်ခင်ရင်းနှီးမှု ရှိကြမည်ဟု ကောက်ချက်ချနိုင်သည်။ ယင်းကြောင့်လည်း စစ်ကူတောင်းခံလာခြင်းကို လက်ခံလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ စစ်ချီမထွက်ခွါမီ အဉ္ဇနနဒီ (လေးမြို့မြစ်၊ လေးမြို့ချောင်း) တွင် ကလေးသူငယ်များသည် “ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍၊ ပဲခူးဘုရင်၊ တို့အရှင်ထံ ဝင်လိမ့်မည်” ဆိုသည့် တြင်းသံပေါက်ကို သီဆိုရင်း လှေလှော်နေကြသည်။ စစ်အောင်နိုင်ရေးကို ပုဗ္ဗနိမိတ် ထင်နေခြင်းပင် ဖြစ်သည်။
သက္ကရာဇ် ၉၆၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလတွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ မော်တင်စွန်းဖက်ကနေ၍ သန်လျင်မြို့သို့ ချီတက်တော်မူသည်။ ယင်းသို့ ချီတက်စဉ် ဒွါရာဝတီ (သံတွဲ) မြို့သို့ ရောက်ရှိလျှင် ဘုရင် မင်းရာဇာကြီးသည် အံတော်ဘုရားကို ဝင်ရောက် ဖူးမြော်တော်မူသည်။ ပန်း၊ ဆီမီးများဖြင့်လည်း ကပ်လှူ ပူဇော်လေသည်။ သစ္စာအဓိဋ္ဌာန်များလည်း ပြုတော်မူသည်။ ထိုစဉ် အံတော်စေတီ၏ အထွဋ်အမြတ် သံတိုင်တစ်လုံးသည် ဘုရင်မင်းမြတ်အထံတော်သို့ ဦးညွှတ်ကာ ရောင်ခြည်တော်များလည်း ကွန့်မြူးလေသည်။ ဘုရင်မင်းမြတ်လည်း ဟဒယနှလုံးအိမ် ရွှင်ပြုံးတော်မူလေသည်။ စစ်ချီရန် ခရီးဆက်ရန်အတွက် ဘုရားပေါ်က ဖောင်တော်သို့ သက်ဆင်းတော်မူသည့်အခါလည်း ဘုရင်မင်းမြတ်၏ စီးတော်ယာဉ်ဖြစ်သည့် ဖောင်တော်၏ ဦးတော်ပိုင်းတွင် သိန်းငှက် နားသည်။ အလယ်ဗဟိုတွင် ဗျိုင်းနားသည်။ ပဲ့တွင်လည်း ဠင်းတ နားလေသည်။ အဆိုပါ ဖြစ်စဉ်အား သံတွဲမြို့မှ ဗေဒင်ပညာရပ်ကို တတ်ကျွမ်းတော်မူသည့် ရဟန်းတော်တစ်ပါးကို မေးမြန်း လျှောက်တော်မူသည့်အခါ “ဦးတွင် သိန်းငှက်နားရခြင်းမှာ ဟံသာဝတီ (ပဲခူး) မြို့ကို စစ်အောင်နိုင်မည့် အတိတ်နိမိတ် ဖြစ်သည်။ အလယ်တွင် ဗျိုင်းနားရခြင်းမှာ ဆင်ဖြူတော်ရတနာကို ရရှိပါမည်။ ပဲ့တွင် ဠင်းတနားရခြင်းမှာ လင်ကို တမ်းတစွဲလန်းသော ဇနီးမယား (ကြင်ယာဖက်) ကို ရရှိတော်မူမည်” ဖြစ်ကြောင်းကို ဟောကိန်း ထုတ်ပေးလိုက်သည်။ ဘုရင်မင်းမြတ်ကလည်း “အရှင်ဘုရား ဟောကိန်းသာ မှန်ကန်တော်မူခဲ့ပါက ရွှေကျောင်းဆောက်လုပ်၍ လှူဒါန်းပေးပါမည်ဘုရား” ဆိုပြီး လျှောက်တင်တော် မူလိုက်သည်။
တောင်ငူဘုရင်တပ်များနှင့် ဘုရင်မင်းရာဇာကြီး၏ တပ်များက ဟံသာဝတီ (ပဲခူး) မြို့ကို ဝန်းရံပိတ်ဆို့ လိုက်ကြသည်။ တောင်ငူဘုရင်၏တပ်သည် မြို့၏ အရှေ့ဖက်က ဝန်းရံသည်။ တောင်ငူဘုရင်၏ သားတော် နတ်သျှင်နောင်တပ်သည် မြို့၏ မြောက်ဖက်က ဝန်းရံသည်။ ဘုရင် မင်းရာဇာကြီး၏ အိမ်ရှေ့စံမင်းသား မင်းခမောင်းတပ်သည် မြို့၏ တောင်ဖက်က ဝန်းရံသည်။ ဘုရင် မင်းရာဇာကြီးတပ်သည် မြို့၏ အနောက်ဖက်က ဝန်းရံသည်။ ယင်းသို့ ဟံသာဝတီ (ပဲခူး) မြို့ကို နှစ်ပြည်ထောင်မင်းတို့ ဝန်းရံ ပိတ်ဆို့ထားကြသည်။ မြို့သူ၊ မြို့သား (တိုင်းသူပြည်သား) များသည်လည်း အစားအသောက်များ ရှားပါးလာကြသည်။ စစ်ဘေးဒဏ်ကို ခံစားလာကြရသည်။ ယင်းကြောင့် ပြည်သူတချို့သည် တောင်ငူဘုရင့်တပ်သို့ ဝင်ရောက်ကြသည်။ တချို့သည်လည်း ဘုရင် မင်းရာဇာကြီး တပ်တော်ထဲသို့ ဝင်ရောက်လာကြသည်။ တချို့သော မြို့ခံပြည်သူများသည်လည်း ဘေးကင်းရာသို့ စစ်ဘေးရှောင်အဖြစ် ထွက်ခွါသွားကြသည်။ ဟံသာဝတီ (ပဲခူး) မင်း၏ သားတော် မင်းရဲကျော်စွာသည် တောင်ငူဘုရင်တပ်ထဲသို့ အလင်းဝင်ရောက်လေသည်။ ဟံသာဝတီဘုရင် နန္ဒကို ဝန်းရံ ပိတ်ဆို့ထားသည့်အခါ နောက်ပိုင်းတွင် နန္ဒဘုရင်သည်လည်း အညံ့ခံ လိုက်ရသည်။
ဟံသာဝတီပြည်ကို စစ်အောင်မြင်၍ ရက္ခိုင်ဘုရင် မင်းရာဇာကြီးအား အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများကို ဆက်သကြသည်။ ထိုအထဲတွင် ဆင်ဖြူတော်တစ်စီးနှင့် ဟံသာဝတီ (ပဲခူး) ဘုရင်နန္ဒ၏ သမီးတော်ဖြစ်သည့် ခင်မနှောင်း မင်းသမီးတစ်ပါးလည်း ပါဝင်သည်။ ခင်မနှောင်း မင်းသမီးကို အထိမ်းတော်လေးယောက်၊ ကိုယ်လုပ်တော် (အခြံအရံ) သုံးဆယ်ယောက်နှင့် မှူးမတ်အပေါင်း ဝန်းရံကာ ဝါးဆောင်တော်ဖြင့် ဘုရင်မင်းရာဇာကြီးအား ဆက်သစေခြင်း ဖြစ်သည်။ ထိုစဉ်အခါ ယိုးဒယား (ထိုင်း) ဘုရင် ဗြနရာဇ်သည် ဟံသာဝတီပြည်သို့ စစ်ချီ ထွက်လာသည်။ တောင်ငူဘုရင်သည် ဘုရင်မင်းရာဇာကြီးအား ဟံသာဝတီ (ပဲခူး) ပြည်ကို အပ်နှင်းကာ ကေတုမတီ (တောင်ငူ) သို့ ပြန်လိုက်သည်။ ဗြနရာဇ်လည်း တောင်ငူသို့ ချီတက် တိုက်ခိုက်သည်။ အောင်မြင်မှု မရရှိခဲ့ပေ။ ဘုရင်မင်းရာဇာကြီးသည် ယိုးဒယားဘုရင် ဗြနရာဇ် စစ်ချီလာကြောင်းကို ကြားသိလျှင် ဟံသာဝတီပြည်မှ ပိဋကတ်ကျမ်းဂန်များ၊ စာပေကျမ်းဂန် တတ်ကျွမ်းသော ရဟန်းတော်များအား စစ်ဘေးစစ်ဒဏ် မသင့်စေရန် ရက္ခိုင်ဘုရင့်နိုင်ငံတော်သို့ လှေဖြင့် ရေကြောင်းခရီး ပို့ဆောင်တော်မူလိုက်သည်။ ရေတပ်ကို ဦးဆောင်သော အိမ်ရှေ့စံမင်းသား မင်းခမောင်းသည် ယိုးဒယားမှ ရေကြောင်းခရီးဖြင့် ပို့ဆောင်လာသော စားနပ်ရိက္ခာများ သယ်ယူလာသည့် ရေယာဉ်များကို ဆီးကြို တိုက်ခိုက်လေသည်။ အစာရေစာ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ယိုးဒယားမင်းထံသို့ စားနပ်ရိက္ခာများ မရောက်ဘဲ အစာရေစာ ပြတ်လပ်သောကြောင့် ဗြနရာဇ်လည်း တစ်လခန့်အကြာတွင် တောင်ငူမှ တပ်ဆုတ်ခွါလေသည်။ တပ်ဆုတ်သော်လည်း ဘုရင်မင်းရာဇာကြီး၏ လက်အောက်ခံ သက်မင်းတပ်၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။ စစ်ပွဲအတွင်း ဗြနရာဇ်၏ ညီဖြစ်သူ “ဗြသမွန်” ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်။ ဘုရင်မင်းရာဇာကြီးထံ အပ်နှံလိုက်သည်။ ယိုးဒယားဘုရင်သည် ညီတော်ဖြစ်သူ ဗြသမွန်ကို ရရှိစေရေး တန်ဖိုးကြီး စစ်ရေးအသုံးအဆောင် လက်နက်ကြီးများဖြင့် အလဲအလှယ် လုပ်လိုက်သည်။ ဘုရင်မင်းရာဇာကြီးလည်း လက်ခံတော် မူလိုက်သည်။ ယိုးဒယားဘုရင် ဗြနရာဇ်၏ ပေးအပ်သော လက်ဆောင်ပဏ္ဏာများနှင့် တောင်ငူဘုရင် မင်းရဲသီဟသူ ပေးအပ်သော လက်ဆောင်ပဏ္ဏာများဖြင့် ဘုရင်မင်းရာဇာကြီးတို့သည် သက္ကရာဇ် ၉၆၁ ခုနှစ်တွင် မြောက်ဦး နေပြည်တော်သို့ ပြန်လာခဲ့ကြသည်။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အနီး မော်တင်စွန်းအရပ်တွင် မဟာပညာကျော်အမတ်ကြီး ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရသည်။ လမ်းတစ်ဝက်တွင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရသည်။ မဟာပညာကျော် ကွယ်လွန်ချိန်တွင် သက်တော် (၁၁၁) နှစ် ရှိနေပြီ ဖြစ်သည်။ မော်တင်စွန်းမှာ သင်္ဂြိုဟ်ပေးခဲ့ကြသည်။ အုတ်ဂူကိုလည်း မော်တင်စွန်းစေတီအနီးတွင် တည်ဆောက်ထားခဲ့သည်။ နောက်ပိုင်းတွင် အုတ်ဂူကို စေတီတော်နဲ့ငုံပြီး တည်ဆောက်ခဲ့သည်ဟု အဆိုရှိပါသည်။
မင်းသမီး ခင်မနှောင်းသည် ရက္ခိုင်ဘုရင့်နိုင်ငံတော်သို့ ရောက်ရှိသည့်အခါ မြောက်ဦးနန်းတော်၏ သာယာလှပပုံကို စာကဗျာ (၃) ပုဒ်ဖြင့် သီကုံးရေးသား ဖွဲ့ဆို ချီးမွမ်းခဲ့သည်။ “တက်ထွန်းလနေ၊ သာယာခွေ၍” အစချီသော တစ်ပုဒ်၊ “စက်ဝန်းပတ်ခွေ၊ ကျွန်းလုံးမွှေမျှ” အစချီသော တစ်ပုဒ်နှင့် “ဘက်ကျွန်းလွတ်ထွေ၊ ဇမ္ဗူမြေ၌” အစချီသော တစ်ပုဒ်အားဖြင့် ကဗျာသုံးပုဒ်ဖြင့် ရေးသားသီကုံးကာ ချီးမွမ်းတော်မူခဲ့သည်။ ဘုရင်မင်းရာဇာကြီးသည်လည်း မင်းသမီး ခင်မနှောင်းကို တန်ဆောင်းမိဖုရားအဖြစ် မြှောက်စားတော်မူခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မိဖုရား ခင်မနှောင်းသည်လည်း ဟံသာဝတီ (ပဲခူး) ပြည်၊ ကမ္ဘောဇသာဒီ နန်းတော်ကြီးကို လွမ်းဆွေးတမ်းတ သတိရစိတ်များ ဖြစ်ပေါ်လာရသည်။ အထိမ်းအမှတ်အဖြစ် ဘုရင်ထံမှ ခွင့်ပြုချက်ရယူကာ စေတီတစ်ဆူကို တည်ထား ကိုးကွယ်ခဲ့လေသည်။ ဌာနေကို လွမ်းဆွေးတမ်းတ သတိရ အထိမ်းအမှတ်ဖြင့် တည်ခြင်းဖြစ်သောကြောင့် “လွမ်းစေတီ” ဟု ခေါ်တွင်စေသည်။
မိဖုရား ခင်မနှောင်း တည်ထားကိုးကွယ်ခဲ့သည့် စေတီဖြစ်သောကြောင့် “ခင်မနှောင်းစေတီတော်” ဟုလည်း ခေါ်ဆိုကြသည်။ ၎င်းစေတီတော်သည် အဉ္ဇနပူရမြို့နယ်၊ သူဌေးကုန်းရွာအနီး၊ တောင်ထိပ်တစ်နေရာတွင် တည်ရှိလေသည်။ စေတီတော်အနီးတဝိုက်တွင် ဟံသာဝတီ (ပဲခူး) ပြည်မှ စစ်သုံ့ပန်းအဖြစ် ပါလာသည့် မွန်လူမျိုးများ နေထိုင်ခဲ့သောကြောင့် “မွန်ကင်း” ဟုခေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စေတီတော်ကို ရက္ခိုင်ပညာရှင်များနှင့် ပဲခူးပြည်မှ စစ်သုံ့ပန်းအဖြစ် ယူဆောင်လာသည့် မွန်ပညာရှင်များမှ တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။ မိဖုရား ခင်မနှောင်းသည် လွမ်းစေတီကို တည်ဆောက်နေချိန်တွင် “ဆဒ္ဒန်ဆင်ကြီး၊ ပြောင်တစ်စီးနှင့်၊ မင်းကြီးသျှင်ပင်၊ ချစ်ခင်ဆပွါး၊ မသနား၍၊ တို့အားဝေးမြေ၊ ရောက်ရလေသည်၊ ငှက်ရွှေဖော်နှင့် ဝေး၏သို့” ဆိုသည့် အလွမ်းစာ ကဗျာတိုကိုလည်း လွမ်းတသသဖြင့် ရေးစပ် ဖွဲ့ဆိုခဲ့သေးသည်။
ဘုရင်မင်းရာဇာကြီးတွင် မိဖုရားပေါင်း (၉) ယောက်နှင့် မောင်းမမိဿံ (ခေါ်) အခြံအရံ မိဖုရားငယ်ပေါင်း (၁၁) ယောက် ရှိလေသည်။ သားသမီးများလည်း မြောက်များစွာ ရှိကြောင်းကို ရက္ခိုင်ရာဇဝင်သစ်ကျမ်းတွင် ဆိုထားလေသည်။ ဘုရင်မင်းရာဇာကြီးသည် သက္ကရာဇ် ၉၇၄ ခုနှစ်၊ ဝါဆိုလဆန်း (၈) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကံတော်ကုန် နတ်ရွာစံတော် မူလေသည်။ သက်တော် (၅၅) နှစ်အရွယ်တွင် နတ်ရွာစံခြင်း ဖြစ်သည်။ ထီးနန်းစည်းစိမ်ကို (၁၉) နှစ် စံစားတော် မူခဲ့ရသည်။ ဘုရင်မင်းရာဇာကြီး နတ်ရွာစံသည့်အခါ သားတော် အိမ်ရှေ့စံမင်းသား မင်းခမောင်း ထီးမွေနန်းရိပ်ကို ဆက်ခံကာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူခဲ့သည်။ ။
ကျမ်းကိုး
- ရက္ခိုင်ရာဇဝင်သစ်ကျမ်း (အသျှင်စန္ဒမာလာလင်္ကာရ)
- မှန်နန်းရာဇဝင်တော်ကြီး
- မင်းရာဇာကြီးစာတမ်း (အမတ်ကြီးပညာဝံသ- မဟာဇေယျသိန်)
- ရက္ခိုင်ကျောက်စာပေါင်းချုပ် (ဦးဦးသာထွန်း၊ ဦးကျော်ထွန်းအောင်)
- ရက္ခိုင်စာသင်ရိုး (ဒွါဒသမတန်း)