မင်းသုတ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်ဟာ မြန်မာ့သမိုင်းဖြစ်ရပ်မှန်ထဲက မမေ့နိုင်စရာ ရက်စွဲ ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” (NLD) အစိုးရဟာ မြန်မာ့စစ်တပ်ထံမှာ အာဏာအသိမ်းခံလိုက်ရတဲ့ ရက်စွဲ ဖြစ်လို့ပါပဲ။ အာဏာမသိမ်းခင်ကတည်းက တပ်မတော်က အာဏာသိမ်းဖို့ ရှိတယ်ဆိုတဲ့ သတင်းဟာ နီးစပ်ရာ တချို့ဆီကို ကြိုသတိပေးထားသလို တိတ်တဆိတ်အသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို ကျနော်တို့တွေရဲ့ လုပ်ဖော်ကိုင်ဖက် တချို့ဟာလည်း ကြိုသိထားနေခဲ့တယ် ဆိုပါတော့။ ဒါ့ကြောင့်လည်း “မင်းသုတ! စစ်တပ်က အာဏာသိမ်းဖို့ ရှိတယ်နော်။ မင်းလည်း တက်ကြွတဲ့ လူငယ်တစ်ယောက် ဖြစ်တယ်ဆိုတော့ အာဏာသိမ်းရင် “နွားပြေးရာမှာ ဖျာဆိုးလွင့်” ဆိုသလို ဖြစ်သွားလိမ့်မယ်။ ကိုယ့်ရက္ခိုင်ပြည်ကိုဖြစ်ဖြစ်၊ တခြားတစ်နေရာသို့ဖြစ်ဖြစ် ဘေးလွတ်ကင်းမယ့် နေရာတစ်ခုခုသို့ ရှောင်တိမ်းနေတာက လုံခြုံမှု ရှိလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရက္ခိုင်ပြည် (အာရက္ခပြည်) သို့ အပြီးပိုင် ပြန်သွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်” ဆိုပြီး ဦးစိန်လှိုင်ဆိုသူက ကျနော့်ကို သတိပေးစကား ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ကျနော်ကလည်း လူမှုကူညီရေး ပရဟိတလုပ်ငန်းစဉ်တွေကို ဟန်မပျက် လုပ်ဆောင်ယင်း ရန်ကုန်မှာပဲ ဆက်နေဖြစ်ခဲ့ပါသေးတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တဲ့ အရွယ်ဆိုတော့ အာဏာသိမ်းတာကိုလည်း ဒိဋ္ဌမျက်မြင် ခံစားဖူးချင်တာလည်း ပါတယ်ဆို ပါပါလိမ့်မယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ရက္ခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ “ဒေါ်ထုမေ” ကို မဲဆွယ်တေးသီချင်းတစ်ပုဒ် ရေးစပ်ပေးကာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေနဲ့လည်း အားပေးဝန်းရံ ထားခဲ့တာဆိုတော့ အာဏာသိမ်းရင် ကျနော်တို့တွေရဲ့ လုံခြုံရေး ထည့်သွင်းစဉ်းစား စိုးရိမ်စရာ ဖြစ်နေခဲ့ရရှာတာပေါ့။ ဒေါ်ထုမေကလည်း ပြိုင်ဖက်တွေကို အလဲထိုးကာ မဲအပြတ်အသတ်နဲ့ ရန်ကုန်ရောက် ရက္ခိုင်နဲ့ ရက္ခိုင့်မျိုးနွယ်စုတွေဆီမှာ ဝန်ကြီးအဖြစ် ထိုက်တန်စွာ ရွေးချယ်ခံထားရသူဆိုတော့ မြားဦးက ကျနော့်တို့ဖက်ကိုလည်း လှည့်လာလေမလား ဆိုပြီးတော့လည်း အသိ သတိပေးရခြင်း ဖြစ်ပါလိမ့်မယ်။
Facebook Online တွေမှာတော့ “ခုခေတ်က Globalization လေ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေပြီ။ အာဏာသိမ်းတဲ့ခေတ် ကုန်သွားတာကြာရောပေါ့။ သိမ်းချင်ရင်တော့ အမှိုက်ကိုပဲ သိမ်းယူလို့ရမယ်။ အာဏာကို သိမ်းယူလို့ မရဘူး” ဆိုတဲ့ အရေးအသားတွေဟာ နေရာယူထားခဲ့ကြတယ်။ အထူးသဖြင့် NLD ကို ထောက်ခံသူတွေရဲ့ နှုတ်ထွက်စကားတွေလို့ ဆိုရပါလိမ့်မယ်။ ရန်ကုန်သူ၊ ရန်ကုန်သားတွေဟာလည်း ရုံးတက်သူ တက်၊ လုပ်ငန်းခွင်ထဲ ဝင်သူ ဝင်နဲ့ ဟန်ရေးမပျက် ပုံမှန် သွားလာ လှုပ်ရှားနေကြဆဲ။ အိမ်စီးကားတွေကလည်း လိုရာခရီးသွား၊ အငှါးကားတွေကလည်း ခရီးသည်တွေရဲ့ လိုရာခရီးကို ပို့ဆောင်ပေး၊ YBS လိုင်းကားတွေဆိုရင်လည်း သူတို့ရဲ့ လမ်းကြောင်းအလျောက် အပြေးအလွှား ပြေးဆွဲနေကြဆဲပါပဲ။ ည ည ကျရင်လည်း ဖြူ၊ နီ၊ ဝါ ကာလာလျှပ်စစ်မီးရောင်တွေက မြို့တော်ရန်ကုန်ရဲ့ အလှအပကို ပိုပြီး ပီပြင်အောင် ဆေးခြယ်သ ပေးထားတဲ့အတွက် မြို့တော်ရန်ကုန်ဟာ ပန်းချီကားတစ်ချပ်လို သာယာလှပမြဲ လှပနေဆဲ။ ဒီလိုနဲ့ပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ )ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ရောလား။ သူတို့တွေ ရေးသား ပြောဆိုနေခဲ့ကြသလို စစ်တပ်က သိမ်းယူလိုက်တာ အမှိုက်မဟုတ်ဘဲ အာဏာ ဖြစ်နေတယ်။
ပြည်သူတွေ အိပ်မောကျနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီကို စစ်တပ်က ဖမ်းဆီးပြီးတော့ အာဏာသိမ်းလိုက်တာ ဖြစ်တယ်။ အကြောင်းပြချက်ကတော့ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ဒီမိုကရေစီ ပါတီစုံ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတဲ့ NLD ပါတီဟာ မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ တကယ် မဲခိုးခဲ့၊ မခိုးခဲ့ဆိုတာကိုတော့ ကာယကံရှင် NLD တွေပဲ သိပါလိမ့်မယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်၊ မနက် (၉း၀၀) အချိန်လောက်မှာ ဦးအောင်သိန်း (သဇင်ပန်းခိုင်သတင်းဂျာနယ် အယ်ဒီတာချုပ်) ဆီက “ကလိန် ကလိန် ကလိန် ကလိန်” ဆိုပြီး ဖုန်းဝင်လာခဲ့တယ်။ ဖုန်းကို လက်ခံလိုက်တော့ “အေး မင်းသုတ! စစ်တပ်ကတော့ အာဏာသိမ်းသွားပြီကွာ။ NLD အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးလိုက်ပြီ။ မင်းလည်း အနေအထိုင်နဲ့ အသွားအလာတွေကို ဆင်ခြင်ကွာ” ဆိုပြီး လှမ်းပြောခဲ့တယ်။ ကျနော်ကလည်း “ဟုတ်ကဲ့ပါ ဆရာကြီး” ဆိုကာ ခေါင်းညိတ်လိုက်တယ်။ “အေး ဒါကို လှမ်းပြောတာနော်” ဆိုပြီး ဖုန်းချသွားတယ်။ ဆူးလေ၊ ဗဟန်း၊ အင်းစိန်နဲ့ တခြားမြို့နယ်တွေမှာ ပြည်သူတွေ ဆန္ဒပြကြတာ လူပင်လယ်ကြီး ဖြစ်သွားခဲ့တယ်ဆိုပဲ။ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြကြတာဟာ ဒီနေ့အထိ အာဏာရှင်ကို ဆန့်ကျင်တဲ့ သင်္ကေတတစ်ခု ဖြစ်နေရတယ်။ ပြည်သူတွေလည်း အလုပ်ကို ပုံမှန် မဆင်းကြတော့ဘူး။ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြမှုတွေက ရန်ကုန်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ ဖြစ်ပေါ်လာခဲ့တယ်။ ဆန္ဒပြရတာကိုလည်း နေ့စဉ်အလုပ်တစ်ခုလို မှတ်ယူလာခဲ့ကြသလား ထင်မှတ်မှား ရတယ်။
ဒီလိုနဲ့ ကားသံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်မြို့ဟာ ဆန္ဒပြ ပြည်သူတွေရဲ့ ကြွေးကြော်သံနဲ့ ပွတ်လောရိုက် နေပါရော့လား။ ရန်ကုန်ဟာ တစ်နေ့ထက်တစ်နေ့ ပူနွေးလာနေပြီ။ ဒီထက်ပိုပြီး ဆူပူလာရင် အနေရခက်လိမ့်မယ်ဆိုတဲ့ အသိစိတ်နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၀) ရက်မှာ တိုးရတနာကားဂိတ်က လက်မှတ်တစ်စောင် ဝယ်ယူလိုက်ပါတယ်။ မတ်လ (၂၃) ရက် ကားထွက်ဖြစ်တယ်။ ကျနော်လည်း ဘယ်ဒေသ၊ ဘယ်နိုင်ငံကိုမှလည်း မရွေးချယ်ခဲ့ဘဲ ကိုယ့်ရက္ခိုင်ပြည်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှာလည်း ခရီးသည်တွေဟာလည်း လိုရာခရီးကို သွားနှင်ဖို့အတွက် ပြည့်နှက်နေတာကို တွေ့ရတယ်။ ရက္ခိုင်ပြည်ကိုပြန်ကြမယ့် ခရီးသည်တွေ အပါအဝင် မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပုသိမ် အစရှိတဲ့ ဒေသအသီးသီးသို့ ပြန်ကြမယ့် ခရီးသည်တွေလည်း ကားကိုယ်စီနဲ့ နေရာကိုယ်စီ ယူနေကြတယ်။ ကျနော်လည်း တိုးရတနာကားကိုစီးပြီး အဖရက္ခိုင်ပြည်သို့ ထွက်ခွါလာပါတော့တယ်။ ခရီးသည်တွေကတော့ ကားမှာ ပြည့်သိပ်နေတယ်။ ကြားခုံထိုင်တဲ့ ခရီးသည်တွေတောင် ပါလိုက်သေးတယ်။ ဒီလိုနဲ့ အနှစ်နှစ် အလလ နေထိုင်ဖြတ်သန်းခဲ့တဲ့ မဟာရန်ကုန်ကို အပြီးအပိုင် လမ်းခွဲနှုတ်ဆက်ပြီးတော့ တိုးရတနာကားကြီးနဲ့အတူ အဖရက္ခိုင်ပြည်သို့ ဦးတိုက် ထွက်ခွါလာဖြစ်တယ်။ ကားပေါ်မှာလည်း ရက္ခိုင်သီချင်းတွေရော၊ ဗမာသီချင်းတွေပါ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက် ဖွင့်ပြတားထာက ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ဝင်တေးသီချင်းတွေနဲ့ အားဖြည့်ပေးထားသလို နှလုံးသားအတွက်လည်း အစာအာဟာရ ဖြစ်စေခဲ့ပါတယ်။
“ရိုးတောင်ကို ကျော်မယ် ကျော်မယ် ကိုယ့်ပြည်ကို ပြန်မေ ပြန်မေ ချစ်သူချေ မျှော်ဝေ မျှော်ဝေ တွိဆုံကေ ပျော်မေ ပျော်မေ သင်္ကြန်ချဖို့ မောင်ကြီးပါလတ်တေ—- ရိုးတောင်ကာလို့ လားလာခက်တေ မြစ်ပင်လယ်ခြား ကူးလာခက်တေ— ကြင်နာသူခမျာချေ လွမ်းနီယင့်မေ ဒေနှစ်သင်္ကြန် သူနန့်ဆုံဖို့ ဖြစ်အောင်ပါလတ်တေ” ဆိုတဲ့ ကိုသန်းမောင် (စစ်တွေ) ရဲ့ “ကိုယ့်ပြည်ကိုပြန်မေ” သီချင်းတစ်ပုဒ်ကိုလည်း ခရီးသည်တွေနဲ့အတူ နှလုံးသားအာဟာရအဖြစ် နားသောတ ဆင်ခဲ့ရပါတယ်။ ညည့်အချိန် ရက္ခိုင်ရိုးမ တောင်တန်းကြီးကို ဖြတ်ကျော်တယ်။ “ကိုယ့်ပြည်ကို ပြန်မေ” ဆိုတဲ့ သီချင်းဟာ ပိုပြီး အသက်ဝင်လာသလို ခံစားမိလာတယ်။ ခရီးသည်တွေကလည်း အိပ်မောကျနေကြပြီ။ ကျနော်ကတော့ ဆယ်စုနှစ် တစ်ခုကျော်လောက် ကျင်လည် ဖြတ်သန်းလာခဲ့တဲ့ မဟာရန်ကုန်က အပြီးအပိုင် ထွက်ခွါလာခဲ့ရပါလားဆိုတဲ့ ခံစားချက်ရယ်၊ တစ်ဖက်မှာလည်း နှစ်ပေါင်းတစ်ဆယ်ကျော်လောက် ဝေးကွာနေခဲ့ရတဲ့ အဖရက္ခိုင်ပြည်ကြီးကို ဒီတစ်ခါတော့ အပြီးအပိုင် ပြန်ရောက်တော့မှာပါလားဆိုတဲ့ ခံစားချက်တွေရယ် ခွဲခွါခြင်းနဲ့ ဆုံစည်းခွင့်ဆိုတဲ့ကြားမှာ အတွေးတွေဟာ ကားပေါ်က ဖောက်ထွက်ပြီး ရိုးမတောင်တန်းကြီးဆီသို့ ပြန့်ကြဲနေလေတယ်။
လူကသာ ကားထဲမှာ ရှိနေတယ်ဆိုပေမယ့် အတွေးစိတ်နဲ့ ခံစားချက်တွေကတော့ ရန်ကုန်ကိုရောက်လိုက်၊ ရိုးတောင်ကိုကျော်တက်ကာ အဖရက္ခိုင်ပြည်ကြီးထဲသို့ တိုးဝင်လိုက်နဲ့ မတည်မငြိမ် ဖြစ်နေခဲ့ရှာတယ်။ မိုးလင်းခါနီး ဂိတ်ကြီးတစ်ခုကို ဆိုက်ရောက်တယ်။ ခရီးသည်တွေအကုန်လုံး ကားပေါ်က ဆင်းပေးရတယ်။ “ဒါ ဘာဂိတ်ပါလိမ့် အခင် (ဦးလေး) “ဆိုပြီး အသက် (၅၀) အရွယ် လူကြီးတစ်ယောက်ကို မေးကြည့်တော့ “ပဒါန်းဂိတ်လေ ငါ့တူ” ဆိုပြီး အဖြေပေးရှာတယ်။ ဂိတ်မှာ တာဝန်ကျတဲ့သူတွေ ကားပေါ်မှာ ပါတဲ့ပစ္စည်းတွေကို စစ်ဆေးရေး ဝင်ကြတယ်။ အစိမ်းရောင် ယူနီဖောင်းတွေနဲ့ သေနတ်တွေကိုလည်း ကိုင်ဆောင်ထားကြတယ်။ အရင်တုန်းကတော့ မြန်မာ့တပ်မတော်သားတွေပေါ့။ ခုတော့ စစ်ကောင်စီ အဖွဲ့သားတွေပါ။ ခရီးသည် တစ်ယောက်ချင်းစီကိုလည်း တန်းစီပြီး မှတ်ပုံတင်တွေကို စစ်ဆေးတယ်။ ကျန်းမာရေး သွားတဲ့သူသွား။ မနက်စာ စားတဲ့သူစားနဲ့ ပဒါန်းဂိတ်မှာ ခရီးတစ်ထောင့်နားကာ ဖြတ်သန်းနေကြတယ်။ “မင်းသုတ” ဆိုပြီး ကျနော့်နာမည်ကို အချက်ပေး အော်ခေါ်လိုက်တယ်။ ကျနော်လည်း ခပ်တည်တည်နဲ့ပဲ ဂိတ်ရှေ့ကို အရောက် လှမ်းသွားလိုက်တယ်။ “ငါ့ညီမှာ မှတ်ပုံတင် အတုကြီး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ။ မူရင်းက ပျောက်သွားတာလား” ဆိုပြီး သွေးအေးအေးနဲ့ မေးမြန်းလာပါတယ်။ “ဟုတ်ပါတယ်အကို။ ကျနော့်မှာ မှတ်ပုံတင် ပျောက်သွားလို့ပါ။ ကိုယ့်ပြည်ကို ပြန်ခွင့်ရမယ့်အရေး ဒီလိုပဲ လုပ်ဆောင်လာရတာပါ” ဆိုပြီး နေလောင်ပန်းပမာ ညှိုးမျက်နှာနဲ့ ကရုဏာသံပါပါ ပြောပေးလိုက်ရှာတယ်။ “အေး— ငါ့ညီ ကိုယ့်ပြည်ကို ရောက်တဲ့အခါ ဖြစ်အောင် လုပ်လိုက်ပါ။ ဒါမျိုးနဲ့ ခရီးသွားလာရတာက အန္တရာယ် ရှိပါတယ်ကွယ်” ဆိုပြီး နားဝင်ပီယသံနဲ့ အသိသတိပေးစကား ပြောဆိုလာပါတယ်။ “ဟုတ်ကဲ့ပါအကို။ ကျေးဇူးတင်ပါတယ်နော်” ဆိုပြီး ရိုကျိုးစွာပဲ နှုတ်က သူ့အလိုလို ထွက်ဆိုလာပါတယ်။ သူ့မှာက ယူနီဖောင်းလည်း မဝတ်ထား၊ သေနတ်ကိုလည်း မလွယ်ထားဘဲ အရပ်ဝတ်နဲ့ဆိုတော့ နှစ်ဖက်ဆက်ဆံရေးအရ ပိုပြီး ရင်းနှီးရအောင် “ဆရာ” လို့ မခေါ်ဘဲ “အကို” ဆိုတဲ့ နာမ်စားကို သုံးနှုန်းခဲ့တာပါ။
ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျနော်ဟာ အာဏာသိမ်းမှု ဖြစ်စဉ်အလွန် ရန်ကုန်က အဖရက္ခိုင်ပြည်သို့ ပြန်လာတဲ့အခါ စာရွက်စာတမ်း အခက်အခဲကြောင့် ခက်ခဲစွာ ပြန်လာခဲ့ရတာပါ။ တကယ်တမ်းဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (ခေါ်) မှတ်ပုံတင်နဲ့ ပတ်သက်ပြီး “လူဝင်မှုကြီးကြပ်ရေးဥပဒေ” အရ ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုလည်း ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ကျနော်လည်း အဲ့ဒီ ပဒါန်းစစ်ဆေးရေးဂိတ်က လွတ်မြောက်လာတာဟာ အကြီးမားဆုံး အန္တရာယ်က လွတ်မြောက်လာသလို ခံစားလိုက်ရပါတယ်။ စစ်ဆေးရေးကြီးလည်း ပြီးဆုံး၊ ခရီးသည်တွေလည်း အဆင်သင့်ဖြစ်တော့ လိုရာခရီးကို ဆက်နှင်ပါလေရော့လား။ ဒီတစ်ခါ ကားပေါ်က ခရီးသည်တွေကို ဖျော်ဖြေပေးလာတဲ့ သီချင်းကတော့ “မာရယုမျိုးဆက်ဝင် ပဝေရှေးအထက်ကပင် သဇင်ပန်းခိုင် တမြိုင်မြိုင် ဘုရားပုထိုးလှိုင်သည့်မြေ ရိုးမတောင်အောက်ခြေ ပင်လယ်ပြင် စိုးမိုးသူများ လီထန်စီ လှိုင်းကြီးစီ အမှုမထား အားကောင်းမောင်းသန်သူရို့လေ ယှိရေ ရက္ခိုင်သားလို့ နာမတွင်ရေ အမျိုးကောင်းသားရို့ နီကတ်တေ လခြိမ်းမြေ —- အဉ္ဇန ကစ္ဆပမြစ် အသွယ်သွယ် စိုးလို့ကျ မားမတ်ထွဋ်ခေါင် မြသားမြရောင် ရိုးမတောင် ရန်ဘောင်ကာခြား လှိုင်းလီဆိုးကို ချိုးလို့ထား ရက္ခအားမာန် သရုပ်သဏ္ဌာန် ဖော်လို့ထား—-” ဆိုတဲ့ ကိုသန်းမောင် (စစ်တွေ) ရေးသားထားပြီး ကိုကိုနိုင် (ဗျာလ) နဲ့ စိမ်းလဲ့လဲ့တို့က စုံတွဲအဖြစ် သီဆိုထားတဲ့ “ဤသည်ရက္ခိုင်သား၊ ဤကား ရက္ခိုင်မြေ” တေးသီချင်းပါပဲ။ ခရီးသည်တွေဟာလည်း မကြာခင် အိမ်ကို ရောက်တော့မယ်ဆိုတဲ့ အသိစိတ်နဲ့ “ဤသည် ရက္ခိုင်သား၊ ဤကား ရက္ခိုင်မြေ” တေးသီချင်းကို မနက်စာအာဟာရအဖြစ် နားထောင်ခံစားကာ ရိုးမတောင်တန်းကြီးကို ကျောခိုင်းပြီး စီးတော်ယာဉ်ကြီး တိုးရတနာကားကြီးနဲ့အတူ ထွက်ခွါလာခဲ့ကြပါတယ်။ မနက် (၉း၀၀) နာရီ ထိုးခါနီး ရာမောင်တံတား (ကြိုးတံတား) ကြီးကို ဖြတ်ကျော်တယ်။ သိပ်မကြာပါဘူး။ ကျနော်တို့ရဲ့ စီးတော်ယာဉ်ကြီးဖြစ်တဲ့ တိုးရတနာ အမြန်ယာဉ်ကြီးဟာ နရမ်းခွဆုံက ဘယ်ဖက်ကိုကွေ့ပြီး မင်းပြား (အဉ္ဇနပူရ) မြို့ကို ဦးတည် မောင်းနှင်လိုက်ပါတယ်။ မိနစ်ပိုင်းအကြာလောက်မှာပဲ “မင်းပြားမြို့မှ လှိုင်လှဲစွာ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို အထင်းသား အနီးကပ် တွေ့မြင်လိုက်ရတယ်။ ကျနော်လည်း “အဖရက္ခိုင်ပြည်ကို ရောက်ရှိပါပြီ” ဆိုတဲ့ စိတ်ခံစားချက်ဟာ အနှစ်နှစ် အလလ ဝေးကွာနေတဲ့ ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေ့ခွင့်ရရှိသလို ခံစားလိုက်ရပါတယ်။ ။