မြောက်ဦးမြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရလို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)

နိုဝင်ဘာလ ၁၂ ရက် ည ၈ နာရီ ၄၉ မိနစ်ခန့်မှာ မြောက်ဦးမြို့ပေါ်က ကြက်ဈေးရပ်ကွက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ ရပ်ကွက်ထဲက စာသင်ကျောင်းဆောင်နဲ့ ဘာသာရေးအဆောက်အအုံအချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

AA က ထုတ်ပြန်ချက်မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၅ ရက်အတွင်း အောက်ပါ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ထပ်မံ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁ ရက်မှာ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနီမြို့နယ်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာလ ၂ ရက်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဂျိုင်ရိုကော်ပတာတစ်စီးနဲ့ ဗုံး ၂ လုံးကြဲလို့ စစ်ဘေးရှောင် ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရပြီး နွားတစ်ကောင် သေဆုံး၊ နောက်တစ်ကောင် ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်မှာ ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာအနီး ဘုန်းကြီးကျောင်းအတွင်း ဗုံးကျလို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာလ ၅ ရက်မှာ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၁၂ ဦး ဒဏ်ရာရတယ်လို့ AA က ဆိုပါတယ်။

Related posts

ပုဏ္ဏားကျွန်းက စစ်ရှောင်စခန်းကို ညနေ ၇ နာရီခန့်က ဗုံးကြဲလို့ စစ်ဘေးရှောင် ၈ ဦးသေဆုံး

ရန်ကုန်မြို့တော်မှ အဖရက္ခိုင်ပြည်သို့ အပြန်ခရီးစဉ် (အက်ဆေး)

မင်းတုန်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ AA သိမ်းဆည်းရမိ