မြန်မာပြည် အတ္ထုပ္ပတ္တိ (အက်ဆေး)

မင်းသုတ

မြန်မာနိုင်ငံရဲ့ စီးပွါးရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာဆိုရင်ဖြင့် တိုင်းနဲ့ ပြည်နယ်အသီးသီးနဲ့ မြို့နယ်အသီးသီးက မတူကွဲပြားတဲ့လူမျိုးတွေ စုဝေးနေထိုင်ကြတဲ့ မြို့တော်ကြီးတစ်မြို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာတွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ နတ်ကိုးကွယ်သူတွေလည်း စုပေါင်းနေထိုင်ကြတဲ့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးမြို့တော်ဆိုလည်း မမှားနိုင်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိသလို ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေရဲ့ ဘုရားကျောင်းတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့ဟာ စီးပွါးရေးမြို့တော်တစ်ခုဖြစ်သလို စက်မှုဇုန်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

စက်မှုဇုန်မြို့တော်ကြီးတစ်ခု ဖြစ်တဲ့အတွက်လည်း ရန်ကုန်မြို့ထဲမှာဆိုရင် လူတန်းစားမျိုးစုံကို တွေ့မြင်ရတတ်ပါတယ်။ အစိုးရဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ၊ သူဌေးသူကြွယ်တွေ၊ ပညာတတ်အလွှာတွေနဲ့ အခြေခံအလုပ်သမားဆိုတဲ့ လူတန်းစားလေးမျိုးလုံးကိုလည်း တပြိုင်နက် တွေ့မြင်ရတတ်ပါတယ်။ ဒါတွေဟာ ရှေးခေတ်က လူတန်းစားလေးမျိုးဖြစ်တဲ့ ခတ္တိယ၊ ဗြဟ္မဏ၊ ဝဿနဲ့ သုဒ္ဒဆိုတာနဲ့ အလားတူနေပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ များပြားတဲ့ မြို့တော်တစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။

ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဆူးလေနဲ့ ဗဟန်းမြို့နယ်တွေမှာဆိုရင် ကမ္ဘာလှည့်ခရီးသည် ဥရောပသားတွေကိုလည်း တွေ့မြင်ရတတ်ပါတယ်။ ညညကျရင် ရောင်ခြည်တော်တွေ ကွန့်မြူးနေတဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ လေ့လာရေး နိုင်ငံခြားသား ခရီးသည်တွေလည်း ရှိနေတတ်ကြပါတယ်။ တခါတလေမှာဆိုရင် နိုင်ငံခြားဘာသာစကား သင်ယူကြတဲ့ ကျောင်းသားတွေဆိုရင် ရွှေတိဂုံရင်ပြင်ပေါ်ကိုတက်ပြီး Foreigner (နိုင်ငံခြားသား) တွေနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးရင်း လက်တွေ့ ဘာသာစကားပြောဆို လေ့ကျင့်နေကြတာတွေကိုလည်း တွေ့မြင်ရတတ်ပါတယ်။ ရန်ကုန်မြို့တော်ဟာ စီးပွါးရေးမြို့တော်တစ်ခုဖြစ်သလို စက်မှုဇုန်မြို့တော်ကြီးတစ်ခု ဖြစ်တဲ့အလျောက်လည်း လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တောင်/မြောက် ဒဂုံ၊ တောင်/မြောက် ဥက္ကလာပမြို့နယ် အစရှိတဲ့ စက်မှုဇုန်မြို့နယ်တွေမှာဆိုရင် မတူညီတဲ့ ယူနီဖောင်းကိုယ်စီကို ဝတ်ဆင်ကာ စက်ရုံ၊ အလုပ်ရုံထဲသို့ ဖယ်ရီကားတွေနဲ့ အချိန်မီတိုးဝင်နေကြရတဲ့ စက်ရုံလုပ်သား ပြည်သူတွေကို အဓိက တွေ့မြင်ရတတ်ပါတယ်။

မတူညီတဲ့ စက်ရုံတွေက ဝန်ထမ်းတွေဟာ မတူကွဲပြားတဲ့ ယူနီဖောင်းကိုယ်စီ ဝတ်ဆင်ကာ ထမင်းချိုင့်ကိုယ်စီနဲ့ မှတ်တိုင်ကိုယ်စီမှာ ဖယ်ရီကားစောင့်နေကြတဲ့ ကာလသား၊ ကာလသမီးပျိုတွေကိုတွေ့မြင်နေကြရတာကလည်း မျက်စိပသာဒ ဖြစ်စေပါတယ်။ ခေတ်မီတိုးတက်တဲ့ စက်မှုဇုန်မြို့တော်ရဲ့ အမှတ်သင်္ကေတဆိုရင်လည်း မမှားနိုင်ပါဘူး။ ရက္ခိုင်၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ မကွေး၊ ပဲခူး၊ ချင်း အစရှိတဲ့ မတူကွဲပြားတဲ့ တိုင်းနဲ့ ပြည်နယ်တွေက လူငယ်တွေဟာလည်း ရန်ကုန်မြို့ပြကြီးရဲ့ စက်မှုဇုန်တွေထဲမှာ အတူတကွ ဆုံတွေ့ကြရပါတယ်။

သူတို့ဘဝနဲ့သူတို့ သူတို့တွေအားလုံးဟာ သက်မွေးဝမ်းကြောင်း အလုပ်ကိုယ်စီနဲ့ သာယာစိုပြေမှု ရှိတယ်လို့ ထင်ရပေမယ့် သက်ဆိုင်ရာ အလုပ်သမားဥပဒေနဲ့ ဝန်ထမ်းတွေရဲ့ စည်းကမ်းဘောင် သတ်မှတ်ချက်တွေအောက်မှာ အသက်ဆက် နေကြရသူတွေပါ။ လုပ်ငန်းခွင်ထဲကို အချိန်မီ ဝင်ရောက်နိုင်ခြင်းမရှိရင် လစာ အဖြတ်ခံရတတ်သလို တစ်ပတ်မှာ တစ်ရက် အလုပ်မဆင်းရင်လည်း တစ်ပတ်စာလောက် လစာ ဖြတ်တောက်ခံရသူတွေလည်း ဖြစ်ကြပါတယ်။ သန်းခေါင်စာရင်းရဲ့ သုံးပုံ နှစ်ပုံကျော်တဲ့ ပြည်သူတွေဟာ “ဘယ်အစိုးရပဲ တက် တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုတဲ့အတွေးအခေါ်တွေ ရှိနေကြတဲ့ စာမဖတ် ပြည်သူတွေ ဆိုပါတော့။ အဲ့ဒီ ဒဿနကို စွဲကိုင်ထားကြတဲ့ ပြည်သူတွေထဲမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမား လူတန်းစားတွေလည်း ပါနေကြပါတယ်။

အဲ့ဒါတွေဟာ မဟာရန်ကုန်ရဲ့ မြင်ကွင်းကျယ်တစ်ခုပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ မြင်ကွင်းကျယ်တစ်ခုဆိုလည်း မမှားနိုင်လောက်ပါဘူး။ ဒီလိုနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှာ စစ်တပ်က အာဏာ သိမ်းယူလိုက်ပါတယ်။ ဒုတိယအကြိမ် အစိုးရ ဖွဲ့စည်းပုံစနစ်ကို ရေးဆွဲနေတဲ့ NLD အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့နေ့ဟာ မြန်မာပြည်ရဲ့ အမှောင်ကျတဲ့ နေ့တစ်နေ့လည်း ဖြစ်ခဲ့ရပါတယ်။ အာဏာသိမ်းပြီးတာနဲ့ သိပ်မကြာပါဘူး။ ရန်ကုန်မြို့ကြီးထဲမှာလည်း ဆန္ဒပြမှုတွေဟာ လူပင်လယ်တွေ ဖြစ်ခဲ့ရပါတယ်။

ည (၈း၀၀) နာရီ ရောက်တိုင်းလည်း မြို့တိုင်း၊ ရပ်ကွက်တိုင်းက အိမ်တိုင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတွေကို ပုံမှန် တီးပေးကြရတယ်။ သံပုံးမတီးတဲ့ အိမ်တွေဆိုရင် အာဏာရှင်ကို ထောက်ခံသူတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခဲပစ်ခံကြရတယ်။ “ဘယ်အစိုးရပဲ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုတဲ့ ဒဿနကို စွဲကိုင်ထားကြတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ကိုယ်တိုင်ကလည်း “ရုံးမတက်နဲ့။ ရုန်းထွက်ကြ” “အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ ထွက်ခဲ့ကြတယ်။ ဆန္ဒပြမှုတွေ၊ သံပုံးတီးမှုတွေဟာ တစ်နေ့တစ်ရက်တည်း မဟုတ်ခဲ့သလို တစ်လတည်းလည်း မဟုတ်ခဲ့ပါဘူး။ နေ့စဉ်ရက်ဆက်နဲ့ လစဉ်လဆက် သံပုံးတွေ တီးနေခဲ့ရ၊ ဆန္ဒတွေ ပြနေခဲ့ကြရတယ်။ ဆန္ဒပြပြည်သူတွေနဲ့ ရဲ၊ ဆန္ဒပြပြည်သူနဲ့ စစ်သားတွေဟာ ရန်ကုန်မြို့ရဲ့ ကတ္တရာလမ်းမပေါ်တွေမှာ နှစ်ဖက်သား ပြဿနာ ပဋိပက္ခတွေ အထပ်ထပ် ထဖြစ်လာခဲ့ကြရတယ်။ ဖယ်ရီကားတွေစီး၊ လိုင်းကားတွေကို တိုးဝင်ပြီး စက်ရုံ အလုပ်ရုံတွေဆီကို ပုံမှန် သွားနေခဲ့ကြရတဲ့ ပြည်သူတွေ အာဏာသိမ်းလိုက်တော့ ကားကိုယ်စီနဲ့ ဆန္ဒပြဖို့ ချီတက်နေခဲ့ကြရတယ်။

ကားကိုယ်စီနဲ့ ဆန္ဒပြထွက်ကြတာဟာ အာဏာသိမ်းပြီးမှ နိစ္စဓူဝ အလုပ် ဖြစ်နေခဲ့ရတယ်။ ပြည်သူတွေ ဆန္ဒပြ မထွက်တဲ့နေ့တွေဟာဆိုရင် အလုပ်မဆင်းတဲ့နေ့ရက်တွေလို့ပဲ ပြောဆိုရမယ် ထင်ပါရဲ့။ နိုင်ငံရေးကို မပတ်သက်ခဲ့ကြဘဲ မိသားစု စားဝတ်နေရေးအတွက်ပဲ ကြိုးစားရှာဖွေခဲ့ကြတဲ့ ပြည်သူတွေ ခုတော့ဖြင့် နိုင်ငံရေးရဲ့ ပတ်သက်လာမှုဒဏ်ကို အလူးအလဲ ခံနေကြရတယ်။ အရင်တုန်းက လုပ်ငန်းခွင်ထဲမှာ ချွေးတွေပဲ ထွက်ခဲ့ကြတဲ့ ပြည်သူတွေ။ အခု ဆန္ဒပြမှုတွေထဲမှာ သွေးတွေတောင် ထွက်ခဲ့ကြရပြီ။ ဆန္ဒပြမှုတွေထဲမှာ အသက်ပေးခဲ့ရတဲ့ ပြည်သူတွေကိုလည်း နောက်ဆုံးဆုလာဘ်အဖြစ် အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဂုဏ်ပြု ပေးလိုက်ကြရတယ်။

အရင်တုန်းက လုပ်ငန်းခွင်တွေမှာ အချိန်ပိုဆင်းခဲ့ကြတဲ့ ပြည်သူတွေ။ အခုတော့ အသက်တွေ အပိုပါမလာတော့ ဖက်တွေနဲ့ ထုပ်ပြန်တော့လည်း ဇီဝကမ္မဖြစ်စဉ်ကို လုံခြုံမှု မပေးနိုင်ရှာတော့ပါဘူး။ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြပြည်သူတစ်ယောက် အကြမ်းဖက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ သတင်းကို ကြားရတော့ မဆီမဆိုင် ယမမင်းကြီးကိုတောင် အားနာသွားရသေးတယ်။ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ သန္နိဋ္ဌာန်သမားတွေက ပြည်သူကို ဖိနှိပ်နေမှတော့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ပြည်သူတွေကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့ကြရတယ်။

ပြည်သူတွေရဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြတာတွေကလည်း ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလို ကြည့်ရှုခံနေရတဲ့အခါ၊ ညစဉ်ညတိုင်း သံပုံးတီးသံတွေကိုလည်း အိပ်ရာဝင် တေးသီချင်းတစ်ပုဒ်ပမာ နားသောတ ဆင်နေကြတဲ့အခါ ပြည်သူတွေဟာ ရွေးချယ်စရာဆိုလို့ တောခိုဖို့သာ ဖြစ်လာခဲ့ကြရတယ်။ စာသင်ခန်းတွေထဲမှာ အဖြူ၊ အစိမ်းတွေဝတ်ဆင်ပြီး နိုင်ငံတော်အတွက် မြေဖြူကိုင်ပေးခဲ့ကြတဲ့ ပန်းပျိုးလက်တွေ၊ မိသားစုဘဝ ရပ်တည်ရေးအတွက် စက်ရုံအလုပ်ရုံတွေမှာ ဘောလ်ပန်ကိုင်ခဲ့ကြတဲ့ မိသားစုတွေရဲ့ ပဲ့ကိုင်ရှင်လက်တွေ၊ နံရံတွေကို ဆေးပန်းချီနဲ့ အလှဆင် ချယ်သခဲ့ကြတဲ့ အနုအရွ အလှအပလက်တွေ၊ ဘယ်အစိုးရပဲတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ ဒဿနကို စွဲကိုင်ထားခဲ့ကြတဲ့ နေ့စားအဖြစ်နဲ့ ပေါက်ပြားကိုင်ဆောင်ခဲ့ကြတဲ့ လက်တွေ၊ သက်မွေးဝမ်းကြောင်းနဲ့ ဘဝရပ်တည်ရေးအတွက် ကိုင်ဆောင်တဲ့ ရုပ်ဝတ္ထုတွေ မတူကွဲပြားကြတဲ့ လက်တွေအားလုံးဟာ နောက်ဆုံးတော့ တောနက်ကြီးထဲမှာ သွေးချင်းညီအစ်ကိုတွေအဖြစ်နဲ့ တူညီတဲ့ လက်နက်တွေကို ကိုင်ဆောင်နေကြရတယ်။

“ပါတီနိုင်ငံရေး ကင်းရှင်းရမယ်” ဆိုတဲ့ အလုပ်လျှောက်လွှာပုံစံမှာ ခံဝန်ကတိတွေ ရေးထိုးခဲ့ကြတဲ့ ဝန်ထမ်းတွေလည်း တောခိုကာ လက်နက်ကိုယ်စီ ကိုင်ဆောင်နေကြရပြီ။ မြသန်းတင့် ဘာသာပြန်ဆိုထားတဲ့ လီယိုတော်စတွိုင်းရဲ့ “စစ်နဲ့ငြိမ်းချမ်းရေး” ကို မဖတ်ဖူးတဲ့ ပြည်သူတွေလည်း အသက်နဲ့ဘဝကို လောင်းကြေးထပ်ကာ စစ်ပွဲတွေကို ဖော်ဆောင်နေကြရပြီ။ သူတို့တွေဟာ ငြိမ်းချမ်းရေးဆိုတဲ့ အရသာကိုလည်း ကလေးငယ်က မိခင့်နို့ချိုကို ဆာလောင်နေသလိုမျိုး မက်မောနေကြရလေပြီ။ “အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာထိန်းတာ” တဲ့။

“ထိန်းတယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါးနှစ်တောင်ကျော်နေပြီ။ သူ့အရပ်မှာတောင် သူက ရာဇာသနပလ္လင်ပေါ်မှာ သမ္မတအဖြစ်နဲ့ ဟန်ရေးမပျက် တက်ထိုင်နေပြီ။ ဇနကမင်းသားကို မေခလာနတ်သမီး ကူညီပေးခဲ့သလို မြန်မာပြည်ရဲ့ အတ္ထုပ္ပတ္တိ ဖြစ်စဉ်မှာလည်း အာဏာရှင်စနစ်ကို အဆုံးသတ်ပေးမယ့်သူ တကယ် လိုအပ်နေပါပြီ။

“အာဏာရှင်အစိုးရဟာ နိုင်ငံတစ်နိုင်ငံကို နှစ် (၂၀) အုပ်ချုပ်ချင်ရင် ပြည်သူတွေကို စာမဖတ်အောင် လုပ်လိုက်ပါ။ နှစ် (၄၀) အုပ်ချုပ်ချင်ရင် စာမတတ်အောင် လုပ်လိုက်ပါ။ နှစ်ပေါင်း (၁၀၀) အုပ်ချုပ်ချင်ရင် ပြည်သူတွေကို အကျင့်ပျက်အောင် လုပ်လိုက်ပါ” တဲ့။ ဒါဟာ တရုတ်စကားပုံပါ။ ပြည်သူတွေ လက်နက်တွေ ကိုင်ဆောင်နေကြရတဲ့အခါ စာဖတ် မအားကြတော့ဘူးတဲ့လား။ တိုက်ခိုက်ရေးအတွက် လက်ရုံးရည်က အရေးကြီးသလို တည်ဆောက်ရေးအတွက်လည်း နှလုံးရည်ဟာ အရေးပါ ပါတယ်။ ဒီတော့ ပြည်သူတွေ လိုအပ်နေတဲ့ အစိုးရတစ်ရပ်ကို ရရှိလာစေရေး လက်နက်ကိုင်ဆောင်ယင်း စာဖတ်ကြရမှာဖြစ်သလို စာဖတ်ယင်းနဲ့လည်း လက်နက်တွေ ကိုင်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

Related posts

ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းမှုနဲ့ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦးကို AA က ပြန်လည်လွှဲပြောင်းပေး

AA နဲ့ စစ်ကောင်စီကြား တရုတ်ရဲ့ ကြားဝင်မှု ရှိနေ

AA အပါအဝင် စစ်ကောင်စီနဲ့ ဆက်နွယ် လုပ်ငန်းတွေနဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ဆို့ဖို့ ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း