AA အပါအဝင် စစ်ကောင်စီနဲ့ ဆက်နွယ် လုပ်ငန်းတွေနဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ဆို့ဖို့ ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ ဒေသအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) အပါအဝင် စစ်ကောင်စီတပ်နဲ့ ဆက်နွယ်တဲ့ ရေနံလုပ်ငန်းတွေနဲ့ နိုင်ငံပိုင် ဘဏ်လေးခုကို ပိတ်ဆို့ အရေးယူဖို့ ဗြိတိန်လေဘာပါတီလွှတ်တော်အမတ် Rushanara Ali က ဗြိတိန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်က ကျင်းပတဲ့ ဗြိတိန်ပါလီမန်ဆွေးနွေးပွဲမှာ မူဆလင် (ရိုဟင်ဂျာ) လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အပြီး ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့ရေးကို ဆွေးနွေးစဉ် Rushanara Ali က ဒီလို တောင်းဆိုခဲ့တာလို့ သိရပါတယ်။

Rushanara Ali က AA ဟာ မူဆလင် (ရိုဟင်ဂျာ) တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး AA အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့အပြင် လူသိရှင်ကြားနဲ့ သီးသန့် ဖိအားပေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Kirsty McNeill က AA အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗြိတိန်အစိုးရက အလေးအနက်စိုးရိမ်ပြီး သက်သေ အထောက်အထား ခိုင်လုံရင် ထပ်မံ အရေးယူနိုင်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Rushanara Ali က စစ်ကောင်စီတပ်ထံ လေယာဉ်ဆီနဲ့ စစ်လက်နက်တွေ မရောက်ရှိစေဖို့အတွက် လေယာဉ်ဆီ ပို့ဆောင်ရေးဝန်ဆောင်မှုတွေ၊ ဆီသယ်သင်္ဘောတွေ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ သန်လျင်ရေနံချက်စက်ရုံကုမ္ပဏီနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်ယူရေးကဏ္ဍတို့ကို ပိတ်ဆို့ဖို့လည်း အဆိုပြုခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ဝယ်ယူမှုကို အထောက်အကူပြုနေတယ်လို့ ဆိုတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့ကို ပိတ်ဆို့ဖို့၊ စစ်ကောင်စီတပ် အသုံးပြုနေတဲ့ ဆက်သွယ်ရေးကွန်ရက်တွေကိုပါ အရေးယူစာရင်းသွင်းဖို့ လွှတ်တော်အမတ်က တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ MFTB နဲ့ MICB တို့ကို အမေရိကန်၊ ဩစတြေးလျနဲ့ ကနေဒါတို့က ပိတ်ဆို့ထားပြီး MEB ကို ကနေဒါက ပိတ်ဆို့အရေးယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

၃၈ နှစ်မြောက် မြိုအမျိုးသားနေ့ကို ဂုဏ်ပြုကျင်းပဖို့ မြိုအမျိုးသားစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်း တိုက်တွန်း

ရက္ခိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ယင်လုံအိမ်သာတွေ စနစ်တကျဆောက်လုပ်အသုံးပြုဖို့ ULA တိုက်တွန်း

မောင်တောခရိုင်အတွင်း လက်နက်ကိုင်လှုပ်ရှားမှုတွေကြောင့် ဒေသတည်ငြိမ်ရေး ထိခိုက်နေတယ်လို့ ULA ပြော