အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာရှိတဲ့ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော် AA တို့ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းအစပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၂ နာရီကနေစပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို စစ်ကော်မရှင်က လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်တဲ့အနေနဲ့ စစ်တွေမြို့အစပ်နားကို လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ညက ၁၂ နာရီကနေစပြီး လက်နက်ပစ်သံတွေ ဆက်တိုက်ကို ကြားနေရတာ။ အပြန်အလှန်ပဲ တညလုံးကို။ နေ့ခင်းက ပုဏ္ဏားကျွန်းကို ဒရုန်းနဲ့ ဗုံးကြဲသွားတဲ့ကိစ္စကြောင့် ဖြစ်မယ်။ ကွမ်းတောင်အထိတောင်ဆိုတော့” လို့ ပြောပါတယ်။
စစ်ကော်မရှင်က အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင် ကျေးရွာကို မနေ့က အောက်တိုဘာလ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှာ အဖွဲ့ဝင် အဖြစ် လူမှုကူညီရေး အလုပ်တွေကို လုပ်ဆောင်နေတဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် သေဆုံးသွားပြီး အရပ်သားထိခိုက် ဒဏ်ရာ ရရှိမှုတွေလည်း ရှိပါတယ်။