ရက္ခိုင်တွင် ကျောင်းပညာရေးအတွက် စပါးပေးပြီး သင်ယူနေမှုရှိ

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတဲ့ ရက္ခိုင်ပြည်မှာ ကျောင်းပညာရေးအတွက် စပါးပေးပြီး သင်ယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားဝင်ကျောင်းပိတ်တာ မရှိပေမယ့်လည်း တိုက်ပွဲတွေကြောင့် တပြည်လုံးက စာသင်ကျောင်းတွေ စာသင်ကြားမှု ရပ်နားထားရပြီး လက်ရှိမှာ ဆရာ၊ ဆရာမတစ်ယောက်ကို ၁ သိန်းခွဲ၊ ၂ သိန်းနှုန်းနဲ့ ငှားတာတွေ ရှိသလို တချို့ရွာတွေမှာဆိုရင် စပါးနဲ့ ငှားကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တချို့ ငွေကြေးမတတ်နိုင်တဲ့မိဘ၊ ကျောင်းမတက်ချင်တော့တဲ့ ကျောင်းသားတွေ ရှိတဲ့အတွက်ကြောင့်လည်း ကျောင်းနေတဲ့ အရေအတွက်ကတော့ အတိုင်းအတာတစ်ခုထိတော့ လျော့ကျသွားတယ်လို့ မြောက်ဦးဒေသခံ ဦးမောင်နိုင်က ပြောပါတယ်။

“အတန်းတစ်တန်းကို တစ်ယောက်ဆိုတော့ ဆရာမတစ်ယောက်ရဲ့ အတိုင်းအတာတစ်ခုပေါ့ ၂ သိန်း၊ ၁ သိန်း ၈ သောင်း စသဖြင့်ပေါ့၊ ၁ သိန်းခွဲအတန်း၊ အတန်းရဲ့အနေအထားပေါ် မူတည်ပြီးတော့ အစားစား တစ်ယောက်နဲ့တစ်ယောက် ဆရာမတွေရဲ့ လစာရမှုက မတူပါဘူး။ တချို့ရွာတွေမှာဆိုလို့ရှိရင် စပါးနဲ့ပေါ့နော် ဥပမာ စပါး တောင်း ၃၀၀၊ တောင်း ၄၀၀ စသဖြင့် စပါးနဲ့အပြတ် ငှားထားကြတယ်၊ လစာနဲ့ မဟုတ်ဘူး ဒါမျိုးတွေလည်း ရှိပါတယ်။ တချို့ကျောင်းသားတွေဆိုရင် မိဘမတတ်နိုင်တာလည်း ပါတယ်။ ကျောင်းသား မသင်ချင်တာလည်း ပါတယ်။ ဒါပေမယ့် ကျောင်းနေတဲ့ ဦးရေကတော့ အတိုင်းအတာတစ်ခုအထိ လျော့သွားတာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ် နေတာကြောင့်လည်း စာသင်ကျောင်းတွေ ပုံမှန် ပြန်လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စပြီးတော့ ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဆရာ၊ ဆရာမတွေပါ ကျောင်းတက်မရ ဖြစ်နေကြတဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေ စိုးရိမ်ကြောက်လန့်ပြီး ကျောင်းမတက်ကြတော့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် ဒေသခံ ပြည်သူတွေက ကိုယ့်ဘာသာကိုယ်ပဲ ဖြစ်သလို စာသင်နေကြရတယ်လို့ မြောက်ဦးဒေသခံတစ်ယောက်က ပြောပါတယ်။

“ကျောင်းကတော့ မဖွင့်ပါဘူး။ ကျောင်းကတော့ ကိုယ့်ဟာကိုယ်၊ ကိုယ့်ရွာနဲ့ကိုယ်ပဲ ဖြစ်သလို တက်နေကြတယ်။ ဒါပေမယ့် ကျောင်းက အတန်းမရှိပါဘူး။ အတန်းမရှိဘူးဆိုတာက ဥပမာ ကျန်ခဲ့တဲ့နှစ်က ၈ တန်းအောင်တယ်ဆိုလို့ရှိရင် ၉ တန်းကိုတော့ တက်တာပေါ့နော်။ ၉ တန်းစာကိုတော့ သင်တယ်။ ဒါပေမယ့် ၉ တန်းအောင်ဖို့ဆိုတာက ကျောင်းကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်ထားတဲ့ကျောင်းဆိုတော့ အောင်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အသိအမှတ်ပြုခံရမှာ မဟုတ်ပါဘူး အဲဒီလိုမျိုးပေါ့။ အပြင်မှာပဲ ၉ တန်း၊ ၁၀ တန်း အရည်အချင်းကို ရှိရင်ရှိမယ်၊ အထောက်အထား မရှိသလိုမျိုးပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်သူတွေအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေက ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မသိတဲ့အတွက် အတန်းပညာ မရရင်တောင် စာတတ်ဖို့ လိုအပ်တာကြောင့် အတိုင်းအတာတစ်ခုအထိ ပညာကိုတော့ သင်ထားသင့်တယ်ဆိုပြီး ကျောင်းသားမိဘတစ်ယောက်ကလည်း ထောက်ပြထားပါတယ်။

ကျောင်းသားမိဘတစ်ယောက်ဖြစ်တဲ့ ဦးသန်းနိုင်က “ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပညာရေးကတော့ ပညာရေးပါပဲ။ အတန်းမရတာ ရတာ တစ်ပိုင်းထား။ ပြောမယ်ဆိုလို့ရှိရင် အပြင်မှာနေထိုင်ဖို့ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ စသဖြင့် အတန်းတစ်နေရာ မရပေမယ့် အတိုင်းအတာတစ်ခုအထိ ပညာကိုတော့ ထပ်သင်ဖို့ လိုအပ်တယ်လို့ ကျောင်းသားမိဘတွေကိုရော ပညာကို အတန်းမရလို့ဆိုပြီးတော့ မသင်မယ့်အစား ရတာလေးကိုတော့ သင်ထားသင့်တယ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ရက္ခိုင်ပြည်မှာ အခြေခံပညာအထက်တန်းကျောင်း (၄၈၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၁၇၁)ကျောင်းနဲ့ မူလတန်းကျောင်း(၁၅၃၅)ကျောင်း စုစုပေါင်း ကျောင်းပေါင်း(၃၁၉၃)ကျောင်း ရှိပါတယ်။

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး