အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အင်အားဖြည့်ရန် စစ်ကူရောက်လာတဲ့ စစ်ကားများကို လမ်းတစ်လျောက် လုံခြုံရေးပေးနေတဲ့ စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့က နိုဝင်ဘာ ၂၅ရက် မနက်ပိုင်း ၆နာရီ ၁၅မိနစ်ခန့်က မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်ဟာ လုံခြုံရေးပေးရန် ခွန်ဇူရွာလမ်းခွဲသို့ လာရောက်စဉ် ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ စစ်ကောင်စီတပ်သား ၄ ဦး ပွဲချင်းပြီး သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်။ စစ်ကောင်စီဘက်က အမ်အေ(၁) အမျိုးအစား သေနတ်(၁)လက်၊ ကျောပိုးအိတ် (၁) လုံး နဲ့ တပ်မ (၈၈) တံဆိပ်ပါ စစ်ဝတ်စုံ တစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်” လို့ CDF-Asho က ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီအချိန်မှာလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာ စစ်ကောင်စီရဲ့ အင်အား ၄၀ ခန့်ပါတဲ့ စစ်ကြောင်းကိုလူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အလားတူ နိုဝင်ဘာ ၅ ရက်နေ့က ရက္ခိုင်ပြည် နဲ့ မကွေး ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်း လမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက် ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho) နဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) က ရှေ့ပြေးလှုပ်ရှားမှုအဖြစ် စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိတယ်လို့ အဆိုပါ အဖွဲ့တွေက ဆိုပါတယ်။