ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်နေ

ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်နေ

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၄)

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တစ်ကြော့ပြန် တိုက်ပွဲပြန်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စတင်ပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ ပိုပြီးတော့ များနေတာကို တွေ့ရပါတယ်။

အဲဒီလိုပဲ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပေမယ့် ရက္ခိုင်ကို ပိုပြီးတော့ လေကြောင်းကနေ တိုက်ခိုက်တဲ့ အနေအထား ရှိနေတယ်လို့ ရက္ခိုင်ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲရာမှာလည်း တိုက်ပွဲဖြစ်နေတဲ့ နေရာထက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေ၊ ပြည်သူလူထုတွေ ရှိတဲ့နေရာတွေကိုပါ ဗုံးကြဲနေတာ ဖြစ်တယ်လို့ ရက္ခိုင်ပြည်၊ အမ်းမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ လေကြောင်းကို အသုံးပြုတာတော့ များတယ်။ အခုလက်ရှိ N95 ရော၊ တောက်လျှောက် အသုံးပြုနေပြီးတော့ လေကြောင်းနဲ့ ဗုံးကြဲနေတာတွေ တိုက်ခိုက်နေတာတွေ တောက်လျှောက် ရှိတယ်ပေါ့နော်။ ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ အခုပစ်တဲ့ လေကြောင်းထက် အမ်းမှာ သုံးခဲ့တဲ့ လေကြောင်းက အဆမတန် များတယ်လို့ ကျနော်တို့ တွေ့ခဲ့ရတယ်ပေါ့နော်။ ဂွတို့၊ သံတွဲတို့ဘက်လည်း အဆမတန် များတယ်ပေါ့နော် လေကြောင်းကို အသုံးပြုတာ။ အထူးသဖြင့် စစ်ကောင်စီက လေကြောင်းကို အသုံးပြုတာက စစ်ရေးမဟုတ်တဲ့ နေရာတွေ ပါနေတယ်ပေါ့နော်။ ပြည်သူတွေ နေတဲ့နေရာကို ပစ်ခတ်တာတွေ၊ ဗုံးကြဲတာတွေ တောက်လျှောက်လုပ်ခဲ့တာတွေ အဲဒါတွေက အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ပေါ့နော်။ ပြည်သူတွေ နေထိုင်တဲ့နေရာ၊ အရပ်သားတွေ နေထိုင်တဲ့နေရာပေါ့နော် စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုး ဒါကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ချိုးဖောက်တယ်ပေါ့နော် အဲဒီလိုပုံစံမျိုး ရှိတယ်ပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတင် ရက္ခိုင်ပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ထို့အတူ အောက်တိုဘာလရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီဟာ တစ်နေ့ကို တစ်မြို့နယ်နှုန်းနဲ့ ဗုံးကြဲနေတာကို တွေ့ရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ တောင်ကုတ်၊ ၈ ရက်နေ့မှာ ပေါက်တော၊ ၉ ရက်နေ့မှာ ဂွ၊ ၁၀ ရက်နေ့မှာ ကျောက်တော်၊ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရှမ်းမြောက်ထက် ရက္ခိုင်ကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်တာက ရှမ်းမြောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိပြီးတော့ ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော် တစ်ဖွဲ့သာ ရှိတဲ့အတွက် စစ်ကောင်စီက ပိုပြီးတော့ ဖိတိုက်တဲ့ အနေအထား ဖြစ်နိုင်တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

“ရက္ခိုင်ကို သူက ပိုမဲမယ်ဆိုတာတော့ သဘာဝအားဖြင့် အနေအထားအားဖြင့် စဉ်းစားမယ်ဆိုရင်လည်း ဖြစ်နိုင်တယ်၊ သေချာတယ်။ ရာခိုင်နှုန်းတော်တော်များများ အဲဒီအနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ရက္ခိုင်မှာ အေအေက ခံမှမခံတာကိုး တကယ့်စစ်ဆင်ရေးမှာ။ ကျန်တဲ့ တိုင်းရင်းသားတွေကျတော့ ရှမ်းမြောက်ဆိုလို့ရှိရင်လည်း လက်နက်ကိုင်က တစ်ဖွဲ့တည်း မဟုတ်ဘူးလေ။ ပြည်သူ့စစ် လုပ်ထားတာတွေလည်း အများကြီး။ လက်နက်ကိုင်အဖွဲ့ကိုက နည်းတာမဟုတ်ဘူး။ ဆိုတော့ ရက္ခိုင်နဲ့တော့ ကွာတယ်။ ရက္ခိုင်မှာက ရက္ခိုင်လက်နက်ကိုင် တစ်ဖွဲ့တည်း ရှိတယ်လို့တောင် ပြောလို့ရတယ်။ ကျန်တဲ့အဖွဲ့တွေက အားနည်းတယ်။ ဆိုတဲ့အခါကျတော့ အဲဒီလို ခွဲခြားပြီး ပြောမယ်ဆိုရင် ရက္ခိုင်ကလည်း သူနာတာ ပြောတာကိုး။ ကျနော်တို့အနေနဲ့ ပြောရင်တော့ ခြုံငုံပြီးပြောရင်တော့ ဒီအဖြစ်အပျက် အခင်းကျင်းကြီးက လက်သည်းစိပ်တော့ လက်ထိပ်နာတယ်။ ကျနော့်အနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့လို လူမျိုးတွေပေါ့နော် ကျနော့်မိတ်ဆွေတွေ ဘာပြောလဲဆိုတော့ ပြည်တွင်းမှာ ဘယ်ပြည်နယ် ဘယ်တိုင်းဖြစ်ဖြစ် ထိခိုက်နစ်နာတယ်ဆိုရင် ကျနော်တို့ နာတယ်ဗျ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ရက္ခိုင်ပြည်က ၁၅၉ ဦးနဲ့ အများဆုံး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Related posts

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့