စစ်တွေမှာ ဒကစ မိသားစုတွေကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၃ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်မှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မိသားစုတွေကို ပြောင်းရွှေ့ဖို့အတွက် စစ်ကောင်စီ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်လာနိုင်တဲ့အတွက် အခုလိုမျိုး ပြောင်းရွှေ့ဖို့ ပြင်ဆင်တာ ဖြစ်နိုင် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒစက (ဒကစ) မိသားစုတွေကို အကုန်လုံး ပစ္စည်းတွေ မိသားစုတွေ ပြောင်းရွှေ့ဖို့အတွက် သင်္ဘောပေါ်မှာတဲ့ အစိုးရ သင်္ဘောပေါ်မှာ ပစ္စည်းတွေတင်ပြီးတော့ ထည့်မလို့လုပ်နေတယ်တဲ့ မိသားစုတွေ။ ဒစက (ဒကစ) ရွှေ့ပြောင်းမယ်ပေါ့” လို့ ပြောပါတယ်။

ကျန်တဲ့ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့ ဒီမြို့ ၃ မြို့မှာဆိုရင် မာန်အောင်က သီးခြားကျွန်းတစ်ခုအနေနဲ့ ရှိနေတာကြောင့် မာန်အောင်ကို လွှတ်ထားနိုင်ပြီး ကျောက်ဖြူကလည်း တရုတ်ရဲ့ လုံခြုံရေးတပ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးတော့ ကာကွယ်နေတဲ့အတွက်ကြောင့် စစ်တွေကိုပဲ အရင်သိမ်းနိုင်မယ့်အခြေအနေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်တွေမြို့ရှိ ရပ်ကွက်တွေမှာ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လိုက်လံစစ်ဆေးတဲ့ အကြောင်းအရင်းကို သေချာမသိရပေမယ့် စစ်ကောင်စီတပ်သား ၈ ဦး ပျောက်ဆုံးနေမှုကြောင့်လို့ သတင်းတွေထွက်နေသလို ဗုံးတွေ လက်ဝယ်တွေ့ရှိတာကြောင့်လို့လည်း သတင်းတွေ ထွက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု မနေ့ကတည်းကနေ စစ်တွေမှာရှိတဲ့ ရပ်ကွက်တွေထဲကို ဝင်ပြီးတော့ ဘာကိစ္စမှန်းမသိဘူး။ တစ်အိမ် တက်ဆင်း ဖွင့်တယ် စစ်တယ်။ ဖမ်းတာ ပြုတာတော့ မကြားမိသေးဘူးပေါ့။ အခုလည်း မနက်ကတည်းကနေ စစ်နေတာ ရွာကြီးမြောက်ရပ်ကွက်ကို ရောက်နေတယ်။ ရွာထဲမှာ စစ်နေတယ်။ ကိုယ်တွေဘက်တော့ မရောက်သေးဘူး။ ဘာကြောင့်စစ်တာလဲဆိုတာ မသိဘူးလေ။ ဘာမှလည်း မပြောဘူးလေ။ အိမ်မှာ ဖုန်းတို့၊ ပါဝါဘန့်တို့ လွယ်လွယ်ကူကူ ကိုင်သွားလို့ရတဲ့ဟာတွေဆိုရင် တင်ထားတဲ့ဟာကို ကောက်ယူသွားတယ်။ ပြန်တောင်းလို့လည်း မရဘူးပေါ့။ တချို့ဆို အံဆွဲဖွင့်တယ်။ တွေ့တဲ့ ပိုက်ဆံကို ယူသွားတယ် အဲဒီလိုပြောတာပဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက် ကလည်း ရန်ကုန်ကနေ စစ်ကောင်စီ ရေတပ် ထောက်ပို့ရေယာဉ်က လက်နက်ခဲယမ်းအပါအဝင် စစ်မှုထမ်း တပ်သားသစ်တွေနဲ့ စားသောက်ကုန်တွေနဲ့ ကျောက်ဖြူ ဒါမှမဟုတ် စစ်တွေမြို့ကို ထွက်ခွာသွားတယ်လို့ ရက္ခိုင်သတင်းဌာနတချို့မှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး စစ်ကောင်စီက လုပ်ဆောင်တာဟာ စစ်တွေနဲ့ ကျောက်ဖြူကို လုံခြုံရေး တိုးမြှင့်ဖို့အတွက်နဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက် ခုခံကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ထားပါတယ်။

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး