စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ စစ်တွေမြို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ညအချိန်တွေမှာ စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေကို လက်နက်ကြီးတွေနဲ့ ညတိုင်း လှမ်းပစ်လေ့ရှိပေမယ့်လည်း လက်ရှိမှာတော့ စစ်တွေမြို့ရဲ့ ကျေးရွာတွေကို လှမ်းပစ်နေတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေရဲ့ ကျေးရွာတွေဖြစ်တဲ့ ရွာဗိုလ်၊ ပါတလိတ်၊ တပ်ကိုင်းတံ အဲဒီဘက်ကို ပစ်တာ ဖြစ်ပေမယ့်လည်း အဲဒီပစ်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်မှာရှိတဲ့ အိမ်တွေ တုန်ခါတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့ ဒေသခံတစ်ယောက်က “လေယာဉ်နဲ့ စစ်တွေမြို့ပေါ်မှာ လေယာဉ်ဝဲလိုက်။ မြို့အနီးအနား ပတ်ဝန်းကျင်ကို သွားလိုက်။ ဗုံးချလိုက်။ ဗုံးဆိုတာ ချတာ တစ်လုံးတည်း မဟုတ်ဘူး။ အုန်း အုန်း ဆိုတာ ဆက်တိုက် ဆက်တိုက်ကို ချသွားတာ။ တစ်ခါချရင် ၃ လုံး၊ ၄ လုံး။ ၁၂ နာရီ အစွန်းလောက်ကတည်းက ချသွားလိုက်တာ ၁ နာရီကျော်ကျော် နီးပါးလောက် ပြီးသွားရော လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေ လောင်ချာတွေနဲ့ ပစ်တယ်ပြောရမလား၊ ရွှီး ရွှီးနဲ့လေ အသံတွေလေ အဲဒီလိုမျိုးတွေ။ အာပီဂျီထုတာလို့ ပြောရမလား အဲဒီအသံတွေ အဲဒါ မြို့ပေါ်က မဟုတ်ဘူး။ စစ်တပ်တွေက အန်တီတို့ မြို့ပြင်မှာ ရှိတာလေ။ အဲဒီမြို့ပြင်စစ်တပ်က အသံတွေ ကြားရတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကနေစပြီးတော့ စစ်တွေမြို့မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကနေပြီးတော့ ညပိုင်းတွေမှာ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နေ့ဘက်တွေမှာ စစ်ကောင်စီရဲ့ လေယာဉ်တွေ စစ်တွေမြို့ပေါ်မှာ ဝဲပျံနေတဲ့အတွက် ဒေသခံတွေက လေယာဉ်နဲ့ ဗုံးကြဲမှာကို စိုးရိမ်နေကြပါတယ်။

စစ်တွေဒေသခံတွေအနေနဲ့ စစ်တွေအပြင် တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်ဖို့အတွက် လက်ရှိမှာ စရိတ် ကြီးမြင့်နေတာကြောင့်လည်း အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီက ဒေသခံတွေကို ဓားစာခံအနေနဲ့ အသုံးချလာမှာကိုလည်း စိုးရိမ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“စိုးရိမ်မှု ရှိတယ်။ မနက်ပိုင်းမှာ ဈေးကြိတ်ကြိတ်တိုးနေတဲ့နေရာတောင် ဈေးလာသူ မရှိတော့ဘူး။ လူတွေ အကုန် စိုးရိမ်ကြတာပေါ့။ ဘယ်နေ့ဘယ်ရက်တွေမှာ ဘယ်လိုတွေ ဘယ်နေရာကို ထွက်ပြေးကြမလဲ။ ရန်ကုန်လည်း မသွားနိုင်ကြတော့ဘူး။ ရန်ကုန်သွားဖို့လည်း လမ်းစရိတ်က သိတဲ့အတိုင်း လေယာဉ်စရိတ်ဆိုလည်း လေယာဉ်တွေ ဈေးတက်လာတော့မှာ။ ပြီးရင် အကုန်ထွက်ပေါက်တွေက ပိတ်ထားတာဆိုတော့ ဘယ်လိုမှ အဆင်ပြေမှာတော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ နေရတော့မှာပေါ့။ လုံခြုံအောင်နေ၊ တည့်တည့်ကျရင်တော့ သေပေါ့ ဒါပဲရှိမှာ။ သေမထူး၊ နေမထူး ဖြစ်သွားပါပြီ။ အခုဆိုလို့ရှိရင် တချို့ဆိုလို့ရှိရင် စားဝတ်နေရေးအတွက် ထွက်ပြေးသွားတဲ့၊ တိမ်းရှောင်သွားတဲ့ အိမ်တွေဆိုလို့ရှိရင် သွားဖျက်ကြတယ်။ ထင်းလုပ်ဖို့အတွက် သစ်တို၊ သစ်စတွေ ခိုးရောင်းကြတယ်ပေါ့နော်။ အဲဒါကို စစ်တပ်ကတွေ့ရင် အခုလောလောဆယ်ကတော့ ဖမ်းတော့ဖမ်းတယ်။ ဒါပေမယ့် သူတို့လုပ်ခိုင်းတဲ့ အလုပ်တွေကို လုပ်ပြီးလို့ရှိရင် ပြန်လွှတ်ပေးတယ်။ နောက်ဆို အဲဒီလို လွှတ်မှာ မဟုတ်တော့ဘူး။ သူတို့ ဓားစာခံ ထားမှာပဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီလိုမျိုး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက လှမ်းပြီး မပစ်နိုင်အောင် အာရက္ခတပ်တော်အနေနဲ့ စစ်တွေမြို့ကို သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်တဲ့သူတွေက ထောက်ပြကြပါတယ်။

စစ်တွေကနေ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးနဲ့ လှမ်းပြီး ပစ်တဲ့အတွက် တိုက်ပွဲရှောင်နေတဲ့သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်