ဂွမြို့နယ် တွင် ဗုံးကြဲခံရသဖြင့် ပြည်သူ ၅ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၈ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရှိ ကူးတို့လေးကျေးရွာကို ဒီဇင်ဘာလ ၂၆ ရက် မနက် ၃ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီရဲ့ လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

“အိပ်မောကျနေတဲ့ အချိန်လေ။ မိုးလင်းဝကြီး၊ အေးကလည်းအေးပေါ့ ဝုန်းဆိုတဲ့ အသံကြားလိုက်ရပြီး လူကို ထူပူပါသွားတယ်။ အဲဒါနဲ့ ကပြာကရာ မိသားစုတွေ ဘေးလွတ်ရာကို ပြေးလာကြတာ။ ဘယ်သူသေတယ်ဆိုတာတောင် သေချာမသိခဲ့ဘူး” လို့ ဒဏ်ရာရရှိခဲ့သူ ဒေါ်သွယ်သွယ်ဝင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးမှာ အသက် ၄၀ အရွယ် ဒေါ်သွယ်သွယ်ဝင်း (ပေါင်ပေါက်ထွက်၊ မျက်လုံးအစထိမှန်)၊ အသက် ၉ နှစ်အရွယ် မောင်တေဇရွှေရောင် (ခြေသလုံးကြွက်သားပြတ်ထွက်၊ ဘယ်ခြေသလုံးဖောက်ထွက်ပြင်းထန်ဒဏ်ရာရ) နဲ့ အသက် ၂၀ အရွယ် ကိုဖြိုးဝေဇော် (ပေါင်နှစ်ဖက်လုံးပေါက်ထွက်ဒဏ်ရာရ) တို့ ဖြစ်ပါတယ်။

“သေတဲ့သူ ၅ ဦးထဲက ၂ ဦးကတော့ ဂွမြို့နယ် မြတ်မေတ္တာလူမှုကူညီရေးအသင်း တာဝန်ခံရဲ့ မိသားလို့တော့ ကြားတယ်။ ကျန် ၂ ယောက်တော့ ကျနော်တို့လည်း မသိရသေးဘူး” လို့ အဆိုပါဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ကူညီပေးနေသူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မနေ့က (ဒီဇင်ဘာ ၂၇ရက်) ကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဂွမြို့နယ်ကို ၃ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်းကို ဝေဟင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၁၇/၁၈ ရက်တွေမှာ ဂွမြို့နယ်၊ “ အလယ်ရွာ” “ ကို လည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်မှာလည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့ အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်တွေကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ အခုလို မီးရှို့ဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုရဲ့ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး