ရက္ခိုင်နယ်စပ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ AA ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် နယ်စပ်ဖြစ်တဲ့ ဂွ-ငသိုင်းချောင်းလမ်း နဲ့  တောင်ကုတ်-ပန်းတောင်းလမ်းက နယ်စပ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“ဂွ အထွက်က ဗေဒါစစ်ဆေးရေးစခန်း နဲ့ တောင်ကုတ် အထွက်က တောင်ပုံးကြီးစခန်းကို AA က ထိုးစစ်ဆင်နေတယ်။ အဲဒီ နှစ်ခုကိုရရင် ရက္ခိုင်နယ်စပ်ကို အပြည့်အဝထိန်းချုပ်နိုင်ပြီ။ ဒါကြောင့် ထိုးစစ်ဆင်နေတာ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တောင်ကုတ်-ပန်းတောင်းလမ်း ဥသျှစ်ပင်မြို့အနီးရှိ တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်တိုက်ခိုက်နေတာပါ။

အလားတူ ဂွ-ငသိုင်းချောင်းလမ်းရှိ ဗေဒါစစ်ဆေးရေးစခန်းကို ဇန်နဝါရီလ ၂ ရက်က စတင်ကာ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

“ဗေဒါစခန်းမှာ စစ်ကောင်စီဘက်က အထိအခိုက်များတာ သေချာတယ်။ မနေ့ညနေက ရေနံ့သာဂိတ်မှာ ကားတွေကို အတင်းအဓမ္မ ခေါ်ပြီး ဒဏ်ရာရတဲ့သူတွေကို သယ်ခိုင်းတာ မြင်ခဲ့ရတယ်” လို့ ရေနံ့သာမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗေဒါစစ်ဆေးရေးဂိတ်ကို စစ်ကူပို့ဖို့လာတဲ့ ဧရာဝတီတိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗေဒါစစ်ဆေးရေးဂိတ် မရောက်ခင် ၂၅ မိုင်ခန့်အကွာက အာရက္ခတပ်တော်ရဲ့ မိတ်ဖက် PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။

ထို့အတူ တောင်ကုတ်-ပန်းတောင်းလမ်းရှိ တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီမှ တောင်ပုံကြီးစခန်းအနီးရှိ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် နယ်စပ် သုံးခုဖြစ်တဲ့ ဂွ-ငသိုင်းချောင်းလမ်း၊ တောင်ကုတ်-ပန်းတောင်းလမ်း နဲ့ အမ်း-ပဒါန်းလမ်းရှိ မြို့ သုံးမြို့စလုံးကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီး နောက်ဆုံး ကျန်ရှိနေတဲ့ နပ်စပ်အထိ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ