ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး

အာရက္ခတိုင်းမ်စ် (၄ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးအောင်နေမျိုး နဲ့ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းတို့ကို စစ်ကောင်စီက ရာထူးတစ်ဆင့် ထပ်တိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည် မောင်တောတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးအောင်နေမျိုးကို ဗိုလ်ချုပ်ရာထူး နဲ့ အမ်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းကို ဗိုလ်မှူးချုပ်ရာထူး ပေးအပ်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးအောင်နေမျိုးကို ငွေကျပ် သိန်း ၈၀၀ နဲ့အတူ ရွှေတုံးရွှေထည်တွေကို ဒီဇင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီအချိန်က မိုင်းနင်းမိပြီး သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ အာရက္ခတပ်တော် ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးထွန်းထွန်းဝင်းမှာလည်း အမ်းမြို့နယ် အမှတ် ၂ တပ်မတော်ဆေးရုံ ကုတင် ၃၀၀ က ဆေးတပ်မှူးတစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်က အာရက္ခတပ်တော်ရဲ့ လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက စစ်ကောင်စီတပ်သားတွေအနေနဲ့ ခေါင်းဆောင်မှု မပီသတဲ့ စစ်ကောင်စီ လက်အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်တာ မပြုကြဖို့နဲ့ အာရက္ခတပ်တော်ထံ ဆက်သွယ်ပြီး အလင်းဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။

ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက“မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသတဲ့ လူတွေရဲ့ လက်အောက်မှာ အသေခံပြီး တာဝန် ထမ်းဆောင်ခြင်း မပြုကြဖို့နဲ့ အာရက္ခတပ်တော်ကို ဆက်သွယ်ပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလဲ အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ အာရက္ခတပ်တော်အနေနဲ့ လက်လွတ်စပယ် မလုပ်ပါဘူး ဥပဒေနဲ့ အညီဘဲ ဆက်ဆံပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်း စတဲ့ ၁၄မြို့နယ်တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ