ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးအပေါ် ပြည်သူတွေ ယုံကြည်မှုမရှိ‌

အာရက္ခတိုင်းမ်စ် (၄ ဇန်နဝါရီ ၂၀၂၅)

ကမ္ဘောဇဘဏ်ရဲ့ ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးဖြစ်တဲ့ KBZ Pay အသုံးပြုသူတွေကို နည်းပညာအသုံးပြုကာ ငွေကြေးလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတာကြောင့် သုံးစွဲသူတွေအနေနဲ့ ယုံကြည်မှု မရှိတော့ဘူးလို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီလိုမျိုး ဖြစ်ရပ်တွေအပေါ်မှာ ဘဏ်ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်မှု ပိုမိုကျဆင်းလာတယ်လို့ သုံးစွဲသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ တစ်ပတ်ဝန်းကျင်လောက်ကပဲ ကျနော့်ဖုန်းကို ဒီလိုပဲ ဆက်လာတယ်။ KPay ကပါ အဆင့်မြှင့်ဖို့အတွက် ဘာဖြစ်တယ် ညာဖြစ်တယ် အစရှိသဖြင့် သူတို့ပြောနေကြ စကားအတိုင်းပြောတော့ ကျနော်က လုပ်စရာ မလိုသေးပါဘူးပြောတော့ သူက ဒါဆိုရင် ဒီအကောင့်ကို ပိတ်ပါမယ်ပြောတော့ ကျနော်ကလည်း ပိတ်ချင်ရင် လည်း ပိတ်ပါလို့ ပြောလိုက်တယ်။ ဒီလိုမျိုးတွေက တောက်လျှောက်ပေါ့။ ဒီနေရာမှာ ဘာတွေ့ရလည်း ဆိုတော့ ဒီလိုဆက်လာတဲ့လူတွေရဲ့ ဖုန်းနံပါတ်ကို ခြေရာခံလိုက်လိုက်ရင် ဘယ်ကနေ ဆက်တယ်ဆိုတာကို အရေးယူနိုင်တဲ့အပိုင်းတွေ ပေါ်လာလိမ့်မယ်” လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းကနေတစ်ဆင့် ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှုတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာလ ၃၁ ရက်က ထုတ်ပြန်ပါတယ်။

သုံးစွဲသူတွေရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်ကြောင့်မဟုတ်ဘဲ တစ်ခါသုံး လုံခြုံရေးကုဒ် (OTP) နံပါတ်တွေ၊ လုံခြုံရေးနံပါတ် (Password) တွေနဲ့ လုံခြုံရေးအချက်အလက်တွေကို အခြားနည်းလမ်းနဲ့ ရယူပြီး လိမ်လည်မှုဖြစ်စဉ်တွေမှာ စိစစ်ဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

လိမ်လည်မှုလုပ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲအစည်းတွေကိုလည်း ဖော်ထုတ်နေပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြောပါတယ်။

အရေးယူတာထက် အခုလိုအဖြစ်မျိုး ထပ်မံမဖြစ်ပွားစေအောင် လုံခြုံရေးပိုင်းဆိုင်ရာကို ကြိုတင်ကာကွယ်ဖို့ လိုတယ်လို့ ငွေကြေးပိုင်း လေ့လာသူတစ်ဦးက ပြောပါတယ်။

“အဲဒါကသိပ်မလွယ်ဘူး။ ဘယ်လိုပေါက်လဲဆိုတာ အရင်စဉ်းစားရမယ်။ IT ခေတ်ကြီးလေ။ အဲဒီဖုန်းနဲ့ သုံးတယ်။ အဲဒီဖုန်းနဲ့ ဖောက်ဝင်တယ်။ အဲဒီကွန်ပျူတာ လွှင့်ပစ်လိုက်၊ ဖုန်းကို လွှင့်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ လမ်းက ဆုံးနေပြီလေ။ အဓိကကတော့ security system က ပိုအရေးကြီးပါတယ်။ အရေးယူတယ်ဆိုတာက နောက်ပေါ့။ ဖမ်းဖို့က သိပ်တော့ မလွယ်လှဘူးပေါ့။ အရေးယူတယ်ဆိုတာက နောက်ကိစ္စပေါ့။ ဆုံးရှုံးသွားတဲ့သူတွေကို ဘယ်သူက ကုသပေးမှာလဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဖြစ်စဉ်တွေကို KBZ Pay မှ စုံစမ်းစစ်ဆေးရာမှာ ဖုန်းဟန်းဆက်ပြောင်းလဲတဲ့ (Device Change) လုပ်ငန်းစဉ် ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါ ဖြစ်စဉ် ၃၁ ခုကို တွေ့ရှိခဲ့တယ်လို့ KBZ Pay မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ