စစ်တွေက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ အိမ်တွေကို ခိုးယူရောင်စား၊ စစ်ကောင်စီက မျက်ကွယ်ပြုထား

အာရက္ခတိုင်းမ်စ် (၅ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်ရဲ့မြို့တော် စစ်တွေမြို့က စစ်ကောင်စီကနေ အတင်းအဓမ္မ ရွာလုံးကျွတ်နှင်ထုတ်ထံထားရတဲ့ အိမ်တွေကို ခိုးယူရောင်းစားနေပြီး စစ်ကောင်စီက အရေးမယူဘဲ မျက်ကွယ်ပြုထားတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ စစ်တွေမြို့က ရွှေပြည်သာ၊ ဗျိုင်းဖြူရွာစတဲ့ ရွာ ၁၂ ရွာ ရှိပြီးတော့ အဲဒီရွာမှာရှိတဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး သစ်တွေကို ခိုးရောင်းနေကြတာလည်း ဖြစ်ပါတယ်။

သစ်တွေကို ခိုးရောင်းတဲ့သူတွေကို အဲဒီရွာမှာ စောင့်နေကြတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီတာတွေ မရှိကြောင်း၊ တစ်ခါတလေ ဖမ်းမိတဲ့သူတွေကိုလည်း စစ်ကောင်စီတပ်တွေက သူတို့အတွက် ဗုံးခိုကျင်းတူးခိုင်းပြီး ပြန်လွှတ်ပေးတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“ ထွက်ပြေးသွားကြတဲ့ ရွှေပြည်သာရွာတို့၊ ဗျိုင်းဖြူရွာတို့ လက်ရှိ ဗျိုင်းဖြူရွာက ဘာမှမရှိတော့ဘူး။ ရွှေပြည်သာရွာက ပျဥ်အိမ်တွေကို ဖျက်ပြီးတော့ သစ်တွေကို ခိုးပြီးတော့ သယ်တယ်။ ခိုးပြီးသယ်တော့ သယ်တာက ချောင်းကနေ ရေနဲ့မျှောပြီးတော့ သစ်ဖောင်လို လုပ်ပြီးတော့ သူတို့က မျှောတာက ရေတက်တဲ့အချိန်မှာ အန်တီတို့ဘက်က ချောင်းရှိတယ်။ အဲဒီချောင်းကနေ သစ်တွေကတော့ များတော့ အဲဒါတွေကို အကုန်လုံး ဖောင်လိုမျိုး စီလိုက်တယ်။ စီပြီးတော့ အဲဒီအပေါ်မှာ စုတင်ပြီးတော့ ရေတက်တဲ့အချိန်မှာ မျှောပြီးတော့ ဘယ်လိုပုံစံမျိုး လာလဲတော့ မသိဘူးပေါ့။ အဲဒီလိုမျိုး ညပိုင်းဆိုလို့ရှိရင် သစ်တွေမျှောလာပြီး ရေနဲ့လိုက်ပြီးတော့ ညမှောင်တဲ့အချိန်မှာ ယူကြတယ်။ ယူကြတော့ အဲဒီဟာကို လှည့်တဲ့ အမှတ် ၂ ရဲစခန်းက ရဲတွေနဲ့တွေ့တော့ အကုန်ဖမ်းထားလိုက်တယ်တဲ့။ ဆိုတော့ တကယ့်တကယ် မရှိတာတော့ လုပ်စားတာတော့ မှန်တာပေါ့။ ဒါပေမယ့် အဲဒီအိမ်တွေကို ဖျက်ပြီးတော့ ရောင်းစားတာကို အဲဒီနားမှာရှိတဲ့ စစ်တပ်တွေကလည်း သူတို့မမြင်ရင် လွတ်ရော။ မြင်ရင် ဖမ်းပြီးတော့ အဲဒီလူတွေကို ဘာလုပ်ခိုင်းလဲဆိုတော့ သူတို့ ဗုံးခိုကျင်းတွေ လုပ်ပါရောလား။ အဲဒါတွေကို တူးခိုင်းတယ်။ တူးပြီးသွားလို့ရှိရင် တနိုင် သယ်သွားခိုင်းလိုက်တယ်။ အဲဒီလိုမျိုးတွေနဲ့ အိမ်တွေကို ဖြိုနေကြတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးတော့ စစ်ကောင်စီက နှင်ထုတ်ထားတဲ့ ရွာ ၁၂ ရွာအပြင် စစ်တွေမြို့ပေါ်မှာရှိတဲ့ မင်းဂံရပ်ကွက်က

တိုက်ပွဲရှောင်သွားတဲ့သူတွေရဲ့ အိမ်တွေ၊ လူမနေတဲ့အိမ်တွေကိုလည်း အုပ်အချပ်လိုက် ခွာပြီးတော့ ခိုးယူရောင်းစားတာတွေ၊ ဖောင်ဒေးရှင်းအနေနဲ့ ချထားတဲ့ ကျောက်စရစ်တွေကို တူးဖော်ပြီး ရောင်းနေကြတာတွေ လုပ်နေကြတယ်လို့လည်း သိရပါတယ်။

အဲဒီလို ခိုးယူရောင်းစားနေကြတာကြောင့် မင်းဂံရပ်ကွက်တချို့မှာ နေအိမ်တွေ မရှိသလောက်ကို ဖြစ်နေတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“ မင်းဂံရပ်ကွက်ရဲ့ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ များတဲ့ရပ်ကွက်တွေမှာဆိုရင် တိုက်အိမ်တွေကို တစ်စစီ ဖြိုပြီးတော့ အုတ်ချပ်တွေကို အချပ်လိုက် အချပ်လိုက်ရရင် အချပ်လိုက်ဈေးရမယ်။ အချပ်ထဲမှာ ဘိလပ်မြေတွေ ကပ်နေတယ်ဆိုရင် ဘိလပ်မြေတွေ သေချာခွာမထားဘဲနဲ့ ဘိလပ်မြေတွေ အတုံးလိုက် ကပ်နေလို့ရှိရင် တစ်ဈေးနဲ့ အဲဒီလိုမျိုး ရောင်းစားနေကြတာ။ စစ်တွေမှာ အလုပ်ရှားပါးလို့ပေါ့နော် အဲဒီလိုမျိုး ဖျက်ပြီး ရောင်းစားနေကြတယ်။ နောက်ပြီး အဲဒီလိုမျိုး ရောင်းတာကို ရက္ခိုင်လည်းဝယ်တယ်၊ ကုလားလည်း ဝယ်တယ်။ ပြီးလို့ရှိရင် အိမ်တွေမှာ ဖောင်ဒေးရှင်း ချလို့ရှိရင် ကျောက်စရစ်ခဲတွေနဲ့ ဘိလပ်မြေတွေနဲ့ အကြမ်းလုပ်တယ်မလား။ အဲဒီလိုမျိုး အကြမ်း ဘိလပ်မြေနဲ့ ကျောက်စရစ်တွေကို အကြမ်းလုပ်ပြီးမှ အပေါ်က အချောကိုင်တာမလား။ အဲဒီဟာတွေကို ထုပြီးတော့ အဲဒီကျောက်စရစ်တွေကို ပေါ်အောင် ဆီပုံးအဝါတွေ ၁၀ ပိဿာပုံး ပြည့်လုပြည့်ခင် တစ်ပုံးဆိုလို့ရှိရင် ၂ ထောင်နဲ့ ဝယ်တဲ့လူရှိတယ် ကျောက်စရစ်ခဲတွေကို။ ဟိုဟာကတော့ တစ်ချပ်ကို ဘယ်လောက်လဲတော့ မသိဘူး။ အချပ်တွေကတော့ ဝယ်ထားပြီးသား ပုံထားတာ တွေ့တယ်။ အိမ်တွေကတော့ အကုန်လုံး ဘာမှ မရှိတော့ဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ 

မင်းဂံရပ်ကွက်က ဒေသခံတွေအပါအဝင် စစ်တွေဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့အချိန်ကနေစပြီး အိုးအိမ်စွန့်ခွာပြီးတော့ တိုက်ပွဲရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ