အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅)
ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦး နဲ့ လူနေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော် က ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီခန့်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဆိပ်ကမ်း နဲ့ ရွာထဲကို ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်း၊ အလယ်ပိုင်း နဲ့ မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုများ နဲ့ ကလေးငယ်အများအပြား မီးထဲပါသွားခဲ့တယ်လို့ AA က ဆိုပါတယ်။
“ယခုအချိန်အထိ မိမိတို့ ပြုစုနေသောစာရင်းများအရ သေဆုံးသူ (၂၆) ဦး၊ အလတ်စား ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နဲ့ အသေးစား (အပေါ့စား) ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိတယ်” လို့ AA က ဆိုပါတယ်။
အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးပြီး သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပြီး နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံဖော်ပြပေးသွားမယ်လို့ AA က ဆိုပါတယ်။
ရက္ခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာများက ပြည်သူတွေကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နဲ့ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နေစဉ်နဲ့အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။