စစ်တွေကို ရေတပ်အင်အား သင်္ဘော ၄ စီး ခန့် စစ်ကောင်စီ ထပ်ပို့

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၅)

စစ်တွေမြို့ကို စစ်ကောင်စီက ရေတပ်အင်အား သင်္ဘော ၄ စီး နဲ့ ထပ်ပြီး ချထားတယ်လို့ စစ်တွေဒေသခံတွေကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ကြတဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အဲဒီရေတပ်သင်္ဘောတွေက ရောက်လာတာ ဖြစ်ပါတယ်။

စစ်တွေမှာရှိတဲ့ တပ်အင်အားကို အပြောင်းအရွှေ့ လုပ်တာရှိသလို ယာယီအနေနဲ့လည်း ရေတပ်အင်အားကို ထပ်တိုး ချထားတာလည်း ဖြစ်ပါတယ်။

အခုရောက်နေတဲ့ ရေတပ်သင်္ဘောနဲ့ တပ်သားတွေကို အချိန် အကန့်အသတ်မရှိ သတ်မှတ်ပေးထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု ရေတပ်တွေ မနည်းဘူး။ ရောက်နေတာ။ ရေတပ်ဆိုတာ ရောက်တာမဟုတ်ဘူး။ သင်္ဘောနဲ့ အစီးလိုက်ကို ဆင်းချလာကြတာ၊ အဲဒီနေ့ပဲ ရောက်တာ ရေတပ်တွေ၊ ရန်ကုန်ဘက်ကနေလာတာ။ အပြောင်းအလဲလည်းလုပ်တယ်။ သင်္ဘော ၄ စီး လောက်ကို လာတာ၊ သူတို့ ရိက္ခာအပြည့်အစုံနဲ့ လာကြတာ၊ အပြောင်းအရွှေ့ သင်္ဘောနဲ့ လာကြတာ။ သူတို့ကို ယာယီတာဝန်နဲ့ ခဏတဖြုတ် အနောက်ကနေ ကူဖို့အတွက်ကို လာတာ။ သူ့သင်္ဘောနဲ့ သူ့ဝန်ထမ်းနဲ့ သူ့ပစ္စည်းနဲ့ သူ လာတာ” လို့ ပြောပါတယ်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့အချိန်မှာ အဲဒီရေတပ်တွေက အနောက်ကနေ တပ်ကူအနေနဲ့ ဖြည့်ဖို့အတွက် စစ်ကောင်စီက အခုလို ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ အပြန်အလှန် ပစ်ခတ်တာတွေ ငြိမ်နေတယ်လို့ သိရပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ