အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ ထိခိုက်သေဆုံးတာကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်မှာ စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။
ဒီ UNICEF ထုတ်ပြန်ချက်ကို One Direction အဖွဲ့ဝင်ဟောင်း၊ ကမ္ဘာကျော်အဆိုတော် Zayn Malik က သူ့ရဲ့ Instagram Story မှာ ထပ်ဆင့်မျှဝေခဲ့ပါတယ်။
UNICEF ရဲ့ ဖော်ပြချက်အရ ရက္ခိုင်ပြည်မှာ ယာယီကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာမှာ မွေးကင်းစကလေးငယ်တစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၁ ရက်မှာ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်က ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ Cluster ဗုံးကြဲခဲ့လို့ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ဆေးဝန်ထမ်းအချို့အပါအဝင် ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
UNICEF က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်က စစ်ဘေးရှောင်ကလေးတွေနဲ့ မိသားစုတွေအတွက် ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်ဆိုတဲ့ ဖော်ပြချက်ကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။
UNICEF က ထိခိုက်ခံရတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်း ကူညီဆောင်ရွက်နေပြီး အရပ်သားနဲ့ ကလေးတွေ နေထိုင်တဲ့ဒေသတွေကို လေကြောင်းက တိုက်ခိုက်တာကို ရပ်တန့်ဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာဖို့နဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။