အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၅)
ရက္ခိုင်ပြည် ကျိန္တလီမြို့ကို စစ်ကောင်စီက ပြည်ထောင်စုနေ့တွင် လေယာဉ်နဲ့ ဗုံးလာကြဲသဖြင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
“မနေ့က ညနေ ၄ နာရီလောက်မှာ လာကြဲတာ။ ကျနော်တို့က ကျိန္တလီကနေ ပြန်နေပြီ။ ကြဲသံကြားလို့ ငြိမ်သွားတဲ့အခါ သွားကြည့်တာ။ အိမ်တွေရော စိုက်ခင်းအချို့ရော ပျက်စီးကုန်တယ်။ တစ်ယောက်တော့ ဒဏ်ရာရတယ်။ အသေအပျောက်တော့ မရှိလိုက်ဘူး” လို့ ဂွမြို့နယ်သို့ စစ်ဘေးရှောင်ကူညီပေးရန် သွားခဲ့သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ စစ်ကောင်စီက ဂွမြို့နယ်အတွင်းရှိ ကံ့ကော်တောင်ကျေးရွာကို ၄ရက်နေ့က တစ်ကြိမ်၊ ကျိန္တလီမြို့ကို ၈ရက်နေ့က တစ်ကြိမ် နဲ့ ဘဝင်ကျေးရွာကို ၁၀ရက်နေ့က တစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။
“အခု ဒဏ်ရာရတဲ့ ကိုချက်ကြီးက အရင်က ဘောလုံးကစားတာမှာ ဂိုးဖမ်းတဲ့ တစ်ယောက်။ အသက်ကတော့ ၄၀ ကျော်လောက်ရှိပြီ။ ဒဏ်ရာ အရမ်းမပြင်းလို့ တော်သေးတယ်” လို့ ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ရက္ခိုင်ပြည်ကို လေယာဉ်နဲ့ ဗုံးလာကြဲသလို စစ်ရေးရှုံးနိမ့်သဖြင့် ဆုတ်ခွာသွားချိန်တွင် ဂွခရိုင်အတွင်းတွင် မြေမြှုပ်မိုင်း အများအပြား မြှုပ်နှံခဲ့ပြီး ကျိန္တလီမြို့နယ်တွင် သူ့တို့ကိုယ်တိုင် မြှုပ်နှံထားတဲ့လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂွမြို့နယ်စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ကလေးသူငယ် (၂) ဦး နဲ့ လူကြီး (၂) ဦး စုစုပေါင်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိသူ (၃) ထိ ရှိလာပြီဖြစ်တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။