အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၅)
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါ နတ်ရေကန်စခန်းဟာ အရင်က လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီက အမ်းဌာနချုပ် ကျဆုံးပြီးနောက်တွင် လက်နက်ကြီးများ အထိုင်ချထားတဲ့ စခန်းဖြစ်ပါတယ်။
“သေချာတာက AA က ထိုးစစ်ဆင်နေပြီ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဖက်က လေကြောင်းကနေပြီး တောက်လျောက်ကို လာကူပစ်ပေးနေတယ်လေ။ လက်နက်ပစ်ခတ်သံတွေလည်း ရွာထဲကတောင်ကြားရတယ်။ ရွာကသူတွေလည်း ပြေးတဲ့သူ ပြေးကုန်ကြပြီ” လို့ ငဖဲမြို့နယ်က ကျေးရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမ်း-ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီစခန်းတွေဖြစ်တဲ့ တောင်စောက်စတေရှင်စခန်း၊ ဂုတ်စီးရိုး၊ အထက်တုံးကြီး၊ အောက်တုံးကြီး နဲ့ မထုံစခန်းတို့ကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီးပြီလို့လည်း သိရပါတယ်။
အာရက္ခတပ်တော်မှ သိမ်းပိုက်ထားတဲ့ တုံးကြီးစခန်းကနေ ၅ မိုင်အကွာမှာရှိတဲ့ နတ်ရေကန်စခန်း နဲ့ ဂုတ်ကြီးစခန်း တို့ကို သိမ်းပိုက်နိုင်ပါက အမ်း-ပဒါန်း မိုင် ၆၀ ကျော် ရှည်လျားတဲ့ လမ်းပေါ်တွင် စစ်ကောင်စီ ကင်းစင်သွားမှာလည်း ဖြစ်ပါတယ်။