တရုတ်ကြောင့် ဆွေးနွေးမှုတွေ ပေါ်လာလည်း ပျက်မှာပဲ

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၅)

စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တရုတ်ရဲ့ဖိအားကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါကလည်း ပျက်ပြယ်ဦးမယ့် အလားအလာမှာ ရှိတယ်လို့ မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်ဆိုတာဟာ စစ်ကောင်စီအတွက် အချိန်ဆွဲချင်ရုံ သက်သက်သာဖြစ်တယ်လို့ သူက ပြောပါတယ်။

“စကစဖက်က နှစ်ဖက်စလုံးက တောင်းဆိုချက်တွေက တော်တော်ကို ကွာဟတာ ဖြစ်တာကို။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အချိန်ဆွဲဖို့အတွက်ပဲ လုပ်နေတာ ဖြစ်တယ်။ အပစ်အခတ်ရပ်စဲပြီး အချိန်ဆွဲမယ်။ ပြီးရင် သူက ပြန်ဖြိုခွဲမယ်။ သူ့အာဏာ ပိုမိုခိုင်မြဲရေးအတွက်ပဲ သူက လုပ်နေတာဖြစ်တော့ တကယ်လို့ တရုတ်ဖိအားကြောင့် တကယ်လို့ ဆွေးနွေးပွဲဖြစ်လည်း အခုလိုပဲ ပျက်ဦးမှာပဲ။ တကယ်လို့များ သဘောတူညီချက်ရလည်း ဘယ်တုန်းက စကစ ကတိတည်လို့လဲ ပျက်မှာပဲ။ ကျမတို့ကတော့ စကစ ကို တော်တော်ကြီး ယိုင်နဲ့သွားအောင် ဆက်တိုက်ဖို့ပဲ။ အဲဒီလို ယိုင်နဲ့သွားမှပဲ စကစ ဖက် ငါတော့ နောက်ဆုတ်မှပဲ ဖြစ်တော့မယ်ဆိုပြီး နောက်နည်းနည်းဆုတ်တာ ဖြစ်လာနိုင်တာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲကမှ ကိုးကန့်တပ် MNDAA နဲ့ ဆွေးနွေးမှုရလဒ်အရ ယာယီအပစ်ရပ်ထားပေမယ့် ပလောင်တပ် TNLA နဲ့ ပထမအကြိမ် ဆွေးနွေးမှုကတော့ အဆင်မပြေခဲ့ပါဘူး။

ဒါကြောင့် ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးနိုင်ဖွယ်ရှိသေးပြီး အာရက္ခတပ်တော်၊ KIA တို့နဲ့လည်း စစ်ကောင်စီဟာ တွေ့ဆုံသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုခြင်းဟာ တိုက်ခိုက်တာထက် အများကြီးကောင်းမွန်ပြီး များများတွေ့ဆုံ ဆွေးနွေးတာမျိုး ဖြစ်စေချင်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီကိစ္စကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင်အနေနဲ့ပဲ ပြောနိုင်ပါလိမ့်မယ်။ သို့သော် ကျနော်တို့ ဘေးလူတွေအနေနဲ့ ပြောမယ်ဆိုရင် တွေ့ဆုံဆွေးနွေးခြင်းဟာ အနည်းဆုံးတော့ တိုက်တာထက်တော့ ကောင်းပါတယ်။ များများတွေ့ဆုံ ဆွေးနွေးပါ။ နောက်ပြီး အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးပါ။ အဲဒီလို ဖြစ်စေချင်တယ်ပေါ့။ အရင်တုန်းကလည်း ကျနော်တို့ ၂၀၁၁ ကနေ ၂၀၁၅ အထိကလည်း ကျနော်တို့ နှစ်ဖက် မယုံသင်္ကာတွေ အများကြီး ရှိခဲ့တာပဲ။ dialogue ရပ်တန့်သွားတာတွေလည်း ရှိခဲ့တာပဲ။ ဒါပေမယ့် နှစ်ဖက်စလုံးက တိုက်ရိုက် တရားဝင်မဟုတ်သော်လည်းပဲ အလွတ်သဘောနဲ့ တွေ့ဆုံမှု၊ ဆွေးနွေးမှုဆိုတာ အမြဲတမ်း ရှိခဲ့တယ်။ ဒါကြောင့် အခုကိစ္စမှာလည်း တရုတ်က ကျင်းပပေးလို့ သွားရတယ်၊ ဆွေးနွေးရတယ်ဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်အချင်းချင်းက အမြဲတမ်း အဆက်အသွယ်ရှိဖို့ လိုတယ်။ ဒါဆိုရင် နားလည်မှု ရနိုင်တယ်။ နားလည်မှု ရနိုင်တယ်ဆိုရင် စိုးရိမ်မှုက ပျောက်သွားမယ်၊ ယုံကြည်မှု တိုးလာမယ်၊ ယုံကြည်မှု တိုးလာရင် သဘောတူညီမှု ရရှိမှာပါ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်သွားမယ်လို့ ဘယ်လာရုစ်သမ္မတနဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲပြုလုပ်မယ်ပြောပြီး မပြုလုပ်ဖြစ်ခဲ့တာကြောင့် အခုတစ်ကြိမ်လည်း အကောင်အထည် မဖော်နိုင်လောက်ဘူးလို့ သုံးသပ်မှုတွေကလည်း ရှိနေတာပါ။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ