KIA နဲ့ TNLA နယ်မြေအငြင်းပွားမှု NUG ဖြေရှင်းနိုင်တဲ့ အနေအထား မရှိ

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၅)

ရှမ်းပြည် မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှု ပဋိပက္ခတွေကို NUG အနေနဲ့ ဖြေရှင်းပေးနိုင်တဲ့ အနေအထား မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

KIA နဲ့ TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကူညီဆောင်ရွက်ဖို့ကို အသင့်ရှိတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁၄ ရက်နေ့မှာ မေတ္တာရပ်ခံ ပန်ကြားတဲ့အကြောင်းကို စာထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

NUG ရဲ့ လက်ရှိအခြေအနေအရ ဘာဩဇာအာဏာမှ မရှိတဲ့အတွက်ကြောင့် စေ့စပ်ညှိနှိုင်းပေးရင်လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“NUG က အဲဒီလောက် ဩဇာရှိလို့လား၊ သူ့ကိုယ်သူတောင် အနိုင်နိုင်လေ။ သူ့ကိုယ်သူတောင် ငွေတွေ အလွဲသုံးစားလုပ်၊ အာဏာ အလွဲသုံးစားလုပ်၊ အမေရိကန်ကနေ လှမ်းပြီးတော့ အဲယားကွန်း အခန်းထဲကနေပြီးတော့ မိသားစုတွေ အကုန်ခေါ် လွတ်မြောက်နေတာ သူတို့တွေက။ အဲဒီလူတွေက ဒီမှာ လွတ်မြောက်ရေးတိုက်ပွဲ တိုက်နေတဲ့သူတွေကို ဆရာကြီးလိုလို ဝင်ရောက် စေ့စပ်လုပ်တဲ့ပုံစံကလည်း အောင်မြင်မှာ မဟုတ်ဘူးလေ။ စေ့စပ်ညှိနှိုင်းပေးတယ်ဆိုတာက ဩဇာရှိမှလေ” လို့ ပြောပါတယ်။

NUG က KIA နဲ့ TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှုတွေကနေ လူမျိုးရေးပြဿနာ မဖြစ်သွားစေဖို့ နှစ်ဖက်ခေါင်းဆောင်တွေက ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်းမှပဲ ပြေလည်စေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

TNLA နဲ့ KIA တို့အကြား မြေပြင်ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက် မကြီးထွားစေရန်အတွက် PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် (တားဟိုပလန်) က မန်တုံမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် NUG က KIAရဲ့ လက်အောက်ခံ အဖွဲ့အစည်းလို ဖြစ်နေတာကြောင့် အခုကိစ္စနဲ့ ပတ်သက်ပြီး NUG အနေနဲ့ မျှမျှတတ ဝင်ပြီး ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“သူက KIA ရဲ့အောက်ဆွဲ။ သူက KIA ဘက်ကို ပါပြီးသားပဲလေ။ ဘက်တစ်ဖက်မှာ ပါပြီးသားလူက ဘယ်လိုနည်းနဲ့မှ နှစ်ယောက်ကြားကို ဖြန်ဖြေလို့ မရဘူး။ KIA ရဲ့ အထောက်အပံ့ခံ၊ KIA ရဲ့ တပ်သားတွေက ဝင်တိုက်ပေး။ အကြံပေးတွေက သင်တန်းတွေပေး။ အဲဒီလိုလုပ်နေတဲ့ KIA ဘက်ကို ကျေးဇူးကန် ကျေးဇူးရှိတဲ့လူက ကျန်တဲ့နေရာမှာ ဘယ်လိုလုပ်ပြီးတော့ မျှတတဲ့ဟာကို လုပ်နိုင်မှာလဲ။ သူပြောလို့ရှိရင် TNLA လွန်တယ်။ TNLA က နည်းနည်း လျှေ့ာပေးသင့်တယ်၊ ဒီလို ပြောနေလို့ကတော့ ဘယ်လက်ခံမလဲ” လို့ ပြောပါတယ်။

အောက်ခြေတပ်ဖွဲ့ဝင်များကြား ပွတ်တိုက်မှုများမှ လူမျိုးရေးအမုန်းတရားဆီ ကျယ်ပြန့်မသွားစေရန် နှစ်ဖက်ခေါင်းဆောင်များ ထိန်းကျောင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းမှုဖြင့် ပြဿနာများ ဖြေရှင်း ပြေလည်စေမည်လို့ နားလည်ထားကြောင်းလည်း NUG က ပြောပါတယ်။

KIA နဲ့ TNLA က အရင်က ညီညွတ်ရေးမဟာမိတ် ချုပ်ဆိုခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ် ရှမ်းမြောက်မှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ မန်တုံ စတဲ့ မြို့နယ်တွေကို KIA တပ်ဖွဲ့ဝင်တွေက တပ်စွဲတာတွေ၊ ကွတ်ခိုင်နဲ့ မန်တုံမှာရှိတဲ့ KIA ရဲ့ ရုံးကို TNLA က အင်အားသုံးပြီး ဝင်ရောက်စီးနင်းတာတွေကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ရိုက်နှက်မှု ဖြစ်ပေါ်ခဲ့တာတွေလည်း ရှိပါတယ်။

Related posts

ကျောက်တော် ဗုံးကြဲဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

AA နဲ့ MNDAA တို့ မိုင်းယု ၁၀၅ မိုင်တွင် ဆိုလာလမ်းမီး ၁၉၀ နီးပါး တပ်ဆင်ပေး

ကျောက်တော်ဈေး ဗုံးကြဲခံရမှုကို စစ်လော်ဘီများက ဂြိုလ်တုပုံဟောင်းသုံး ဝါဒဖြန့်နေ