ကျောက်တော်ကို စစ်ကောင်စီက အကြိုနေ့တွင်ဗုံးကြဲ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၅)

ရခိုင်ပြည် ကျောက်တော်မြို့ကို သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်အပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ပြည်တော်သာရပ်ကွက်က ရွှေကျောင်းနားကို ဗုံးကျတာ၊ ပေါင် ၅၀၀ ၂ လုံး ကြဲခဲ့တယ်။ ကလေးတစ်ယောက် နဲ့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်။ အိမ် ၆ လုံးလောက်လည်း ပျက်စီးသွားတယ်” လို့ ကျောက်တော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၀ နှစ် အရွယ် မချစ်နှင်းဝေ၊ အသက် ၂၄ နှစ် အရွယ် မဦးသန်းမေ နဲ့ အသက် ၂၇ နှစ် အရွယ် မကြည်ကြည်ဝင်း တို့ပဲ ဖြစ်ပါတယ်။

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက် တစ်ရက်တည်းတွင် Drop Bomb အကြိမ် အရေအတွက် (၆၀) ကျော် နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၅၀) ကြိမ်အထက်ရှိခဲ့ပြီး စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ စစ်တွေမြို့နယ်၊ မင်းလှရွာရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို ဒရုန်းများနဲ့ နံနက် (၉) နာရီ (၂၇) မိနစ် က စတင်ပြီး (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များရှိရာ နေရာကို စစ်ကောင်စီဟာ Y12 ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် တစ်ဖက်သတ် ထုတ်ပြန်ထားတဲ့ အပစ်ရပ်ဆိုင်ရာပါ အကြောင်းအရာများကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေများ၊ စစ်ကောင်စီနဲ့ ထိတွေ့နေရာများနဲ့ ပဲခူး၊ မကွေးတိုင်းက အာရက္ခတပ်တော်ရဲ့ စစ်ကြောင်းနေရာများကို အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက်ဆိုသလို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်း နဲ့ စစ်သင်္ဘောပေါ်ကနေ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ဖော် ပြောကြားထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ