အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅)
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ EAO တွေနဲ့ ပေါင်းပြီး စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်နိုင်ပါက တော်လှန်ရေးမှာ နိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
NUG တစ်စုတစ်ဖွဲ့တည်းနဲ့ စစ်ကောင်စီကို မတိုက်ထုတ်နိုင်ဘဲ EAO တွေနဲ့ ပေါင်းပြီး ထိရောက်စွာ တိုက်မှသာ နိုင်မှာဖြစ်ကြောင်း၊ အဲဒီလို ပူးပေါင်းတဲ့အခါမှာလည်း ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသူဆိုပြီး အပေါ်စီးက နေလို့မရကြောင်း သူက ပြောပါတယ်။
ရှေ့နေ ဦးကြီးမြင့်က “EAO တွေနဲ့ ပေါင်းပြီးတော့ NUG က ထိထိရောက်ရောက် ပေါင်းတိုက်နိုင်ရင် နိုင်မယ်။ ဒါမှမဟုတ် ငါက ဆရာကြီးပဲ ငါက ၂၀၀၈ ရွေးကောက်ပွဲ နိုင်ထားတဲ့ လူကြီးပဲဆိုပြီးတော့ အပေါ်စီးနဲ့ သူက ညီညွတ်ရေးခေါ်လို့ကတော့ ခပ်ရိုင်းရိုင်းပြောရရင် ဟိုကကောင်တွေက ပုဆိုးလှန်ပြလိမ့်မယ်။ အပေါ်စီးနဲ့ ညီညွတ်လို့ မရဘူး။ ဘယ်တပ်နဲ့ ဘယ်လိုစုပြီးတော့ ဘယ်လိုတိုက်ပြီးတော့ နိုင်မှာလဲ။ ဟိုက သူ့ဘာသာသူ အလိုလိုပျက်ရင်တော့ နိုင်မယ်။ သူ့ဘာသာ အလိုလိုပျက်အောင် တိုက်လို့ မနိုင်ဘူးဆိုရင်တော့ NUG တစ်ယောက်တည်း တိုက်လို့ကတော့ ဆယ်ကမ္ဘာမျှော်ပါ မရပါဘူး။ မနိုင်ပါဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို စိုးမိုးအုပ်ချုပ်နေပြီး စစ်ကောင်စီ အုပ်ချုပ်ထားနိုင်တာက ၁၀၇ မြို့နယ်ပဲရှိတော့ကာ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကိုတောင် စစ်ကောင်စီက မအုပ်ချုပ်နိုင်တော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်မနဲ့ တောင်တန်း ဒေသအကြားမှာ တော်လှန်ရေး သဘောတူညီချက် ပဋိဥာဉ် တစ်ရပ် ပေါ်ပေါက်လာဖို့နဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး ပါဝင်တဲ့ မဟာမိတ် တပ်ပေါင်းစု ပေါ်ပေါက်လာဖို့ မျှော်လင့်ထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါ လရှီးလက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ ပြောကြားထားခဲ့ပါတယ်။
အဲဒီလိုတပ်ပေါင်းစု တည်ထောင်မယ်ဆိုပါက အုပ်ချုပ်မယ့် ခေါင်းဆောင်ပိုင်းတာဝန်တွေကို NUG က မယူသင့်ကြောင်း၊ တိုင်းရင်းသားလူမျိုးများကို နေရာပေးသင့်ကြောင်း ထောက်ပြမှုတွေလည်းရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ NUG ကို မဟာမိတ်အဖြစ် လက်ခံကြပေမယ့် ဆရာကြီးအဖြစ်တော့ လက်မခံဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မဟာမိတ်အဖြစ်နဲ့ လက်ခံတယ်၊ ဆရာကြီးအဖြစ်နဲ့ကတော့ နိုးပဲ။ သူတို့နယ်မြေကို သူတို့ထိန်းသိမ်းပြီးတော့ သူတို့နယ်မြေမှာ သူတို့ စီးပွားရေးလုပ်မယ်၊ အခြေခံဥပဒေတွေ ဆွဲမယ်။ ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်ကို သူတို့ဘာသာ သူတို့ပဲ ခိုင်မြဲအောင် လုပ်နေလိမ့်မယ်။ ပြည်မကြီးဆိုတဲ့ကောင် NUG ဆိုတဲ့ကောင် မင်း စစ်နိုင်အောင် တိုက်လေ။ သူများနဲ့လာ မဟာမိတ်လုပ်ချင်တယ်လို့ ဖက်ဒရယ်ပြည်ထောင်စုကြီးတို့၊ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ။ မင်းတို့အဆင့်က တတိယတန်းစား နိုင်ငံရေးသမား အဆင့်ပဲရှိတာ။ မင်းတို့ လုပ်စားတွေလေ အခု ၅ နှစ်ထဲ ဝင်လာပြီ။ မင်းတို့တွေဟာ တော်လှန်ရေးသမားတွေ မဟုတ်ဘူး လုပ်စားတွေပဲဆိုတာ ပေါ်နေပြီ” လို့ သူက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် စုစုပေါင်း ၁၄၄ မြို့နယ်ရှိပြီး အဲဒီထဲက မြို့ ၉၅ မြို့ (မြိုနယ် ၄၈ မြို့နယ်) ကို အပြီးသတ် သိမ်းပိုက်အုပ်ချုပ်ထားပြီး ဖြစ်တယ်လို့ NUG ဘက်က ထုတ်ပြန်ထားပါတယ်။
နောက်ထပ် မြို့နယ် ၇၉ မြို့နယ်မှာလည်း တော်လှန်စစ်ဖြစ်နေတာကြောင့် စစ်ကောင်စီက စိုးမိုး အုပ်ချုပ်ထားနိုင်တာဟာ ၁၀၇ မြို့နယ်ပဲ ကျန်ရှိတော့ကြောင်း သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေ စိုးမိုးအုပ်ချုပ်နေတဲ့ မြိုနယ်ဆိုတာဟာလည်း စစ်ကောင်စီတပ် မကင်းစင်သေးသော်လည်း စစ်တပ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်တာ၊ စစ်ကောင်စီတပ် လှုပ်ရှားမှုကို ကောင်းကောင်းပိတ်ဆို့ ကန့်သတ်ထားနိုင်ပြီး တော်လှန်ရေးတပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားသွားလာနိုင်တဲ့ မြို့နယ်တွေကို ဆိုလိုတာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။