အာရက္ခတိုင်းမ်စ် (၂၅ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ဧပြီလ ၂၄ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးပေါက်ကွဲလို့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“လယ်ဂျိုင်တောင်မှာ သားအဖ နှစ်ယောက် ဟင်းစားသွားရှာကြတာ။ စစ်ကောင်စီတပ်သားတွေ ယာယီအထိုင်ချခဲ့တဲ့ အောင်ဆိပ်စခန်းနားက ကျောက်ဆောင်ကြားမှာ ညှပ်နေတဲ့ ဗုံးကိုတွေ့တော့ ဆွဲနှုတ်တာကနေ ပေါက်ကွဲပြီး ပွဲခြင်းပြီး သေဆုံးခဲ့တာ” လို့ တောင်ကုတ်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကျန်လက်နက်ကြောင့် သေဆုံးသွားသူမှာ တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာနေ အသက် ၄၅ နှစ် အရွယ် ဦးမောင်သိန်း ဖြစ်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်တွင် စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်တွေကြောင့် ရက္ခိုင်ပြည်သူတွေမှာ အသက်အန္တရာယ်ဘေးကို နေ့စဉ်ကြုံတွေ့နေရပါတယ်။
ရက္ခိုင်ပြည်သူတွေ အသက်ဘေးအန္တရာယ် လုံခြုံစေရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း ရက္ခိုင်ဒေသအတွင်းမှာ မိုင်း နဲ့ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။