အာရက္ခတိုင်းမ်စ် (၂၈ ဧပြီလ ၂၀၂၅)
တရုတ်နိုင်ငံဟာ သူတို့အတွက် ကြီးမားတဲ့ အကျိုးအမြတ်ရရှိမယ့် BRI စီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်လိုတဲ့အတွက် မြန်မာပြည်ငြိမ်းချမ်းရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တရုတ်က အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ပိုးလမ်းမစီမံကိန်းရဲ့ မြန်မာပြည်ကနေ ဖြတ်သန်းရမယ့် အစိတ်အပိုင်းဒေသမှာ တော်လှန်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် တွန်းတွန်းတိုက်တိုက် ပြောနေပုံရတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ ပိုးလမ်းမကို အာရှတိုက်မှာလုပ်ဖို့ လမ်းမကြီး ၃ ခု စဉ်းစားထားတယ်။ တစ်ခုက အရှည်လမ်း၊ ဒုတိယက အလယ်လမ်းနဲ့ တတိယက အနောက်လမ်း။ အရှေ့လမ်းကတော့ သူက ဗီယက်နမ်ကို ဖောက်ပြီးတော့ အဲဒီကနေ ကမ္ဘောဒီးယားအထိ အဲဒီလမ်းပေါ့။ အဲဒီလမ်းလည်း တော်တော်ပြီးနေပြီ။ အအောင်မြင်ဆုံးက အလယ်လမ်း။ ကျမတို့တွေ နေတဲ့နေရာကနေ လာအို၊ လာအိုကနေ အခုဆက်ဖောက်နေတာ ထိုင်းနယ်စပ်ကို ရောက်သွားပြီ။ ထိုင်းမြောက်ပိုင်းကို ရောက်သွားပြီ။ အဲဒီကနေ ဘန်ကောက်အထိ ရောက်မှာ။ ဘန်ကောက်က တောင်ဘက်ပိုင်း ရောက်တာကို။ အဲဒီဘန်ကောက်နေဖြတ်ပြီးတော့ မလေးရှား၊ မလေးရှားကနေ စင်ကာပူအထိ ရောက်မှာ။ ဒီဟာက တရုတ်အတွက်က အများကြီး အကျိုးရှိတဲ့ဟာပေါ့။ အနောက်လမ်းဆိုတာက အဲဒီ ခွန်မင်ကနေ ဗမာပြည်ဖြတ်ပြီး ကျောက်ဖြူအထိ ဆင်းတာ။ အဲဒါအတွက်များ တရုတ်က တွန်းတွန်းတိုက်တိုက် လုပ်နေလား မပြောတတ်ဘူး။ အဲဒီ လမ်းဖြတ်တဲ့နေရာတွေကို မြေပုံမှာကြည့်ကြည့် တော်လှန်ရေးဖြစ်နေတဲ့ နေရာတွေ ဖြစ်တာကို။ အဲဒီတော့ ကျမတို့တိုင်းပြည် ငြိမ်းချမ်းမှ သူ့တတိယ အာဏာပေါ်မှာလေ။ အဲဒီတော့ ငြိမ်းချမ်းရေးအတွက် တွန်းတွန်းတိုက်တိုက် ပြောနေပုံရတယ်” လို့ သူက ပြောပါတယ်။
တရုတ်ရဲ့ နယ်စပ်စီးပွားရေးတွေတည်ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ လားရှိုးမြို့ထဲကနေ MNDAA ကို တရုတ်က ဖိအားပေးစေ့စပ်ကာ ဆုတ်ခွာခိုင်းလိုက်ပြီး စစ်ကောင်စီတပ်တွေက ပြန်လည်နေရာယူထားတာကို တွေ့ရပါတယ်။
ဒ့ါအပြင် တရုတ်နိုင်ငံဟာ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့ကို စေလွှတ်ခဲ့ပြီး မြောက်ပိုင်းဒေသ စစ်ပွဲတွေရပ်တန့်ရေး လုပ်ဆောင်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာကုံကျားကူက ပြောထားပါတယ်။
ရှမ်းမြောက်အခင်းအကျင်းဟာ တရုတ်စီစဉ်ထားတဲ့ နိုင်ငံရေးကစားကွက်ကို အားလုံးက အကောင်ထည်ဖော် လုပ်ဆောင်ပေးရတဲ့ သဘောဖြစ်တယ်လို့ PNLO-NCA/S မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရှမ်းမြောက်ရဲ့ အခြေအနေက တရုတ်ရဲ့ အခင်းအကျင်းပေါ့။ တရုတ်က သူ့ရဲ့ ယူနန်ထွက်ပေါက်ရယ် နောက်ပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းရယ်၊ သူ့နယ်စပ်လုံခြုံရေးရယ် အားလုံးတွက်ချက်ပြီးတော့ သူစီစဉ်တဲ့အကွက်ပေါ့။ အဲဒါကို အားလုံးက ဝိုင်းလုပ်ကြတဲ့သဘောပါ” လို့ ပြောပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ ထူထောင်ရေး မြို့တော်စီမံခန့်ခွဲရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိတာပါ။
ဒါပေမယ့် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီထံ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထားကာ လားရှိုးမြို့ကို ပြန်လည် လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့ကြသလို လားရှိုးမြို့အတွင်းကို စစ်ယာဉ်တန်းတွေနဲ့ ဝင်ရောက်ထားကြောင်းလည်း သိရပါတယ်။