ရက္ခိုင်ပြင်ပ ထွက်ဖို့ ကြိုးစားနေသူတွေကို တားမြစ်ရတာ စစ်ကောင်စီရဲ့ အန္တရာယ်က လွတ်မြောက်ရန်လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၅)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ရက္ခိုင်ပြည်ကနေ ပြင်ပကိုထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေကို တားမြစ်ရတာဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးပြီး ငွေညှစ်နေမှု၊ ပြန်ပေးဆွဲထားသလိုမျိုး ဖမ်းဆီးထိန်းသိမ်းထားမှု၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားသဖြင့် ထောင်ချနေမှု၊ လူသတ်အလောင်းဖျောက်နေမှုတွေ အန္တရာယ်မှ ကင်းလွတ်စေဖို့ အတွက်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ထုတ်ပြန်တာဟာ “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်နေ့က စတင်ပြဋ္ဌာန်းပြီး ရက္ခိုင်ပြည်အတွင်းနေ ပြည်သူလူထုတရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ လုံခြုံရေး၊ တည်တံ့ရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိနေတယ်” လို့ ဆိုပါတယ်။

ထို့အတူ မပြီးပြတ်သေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဆင်နွှဲရင်း “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ လက်ထဲသို့ ရောက်ရှိရေး” စတဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်လျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင်ပြည်ထဲက လူငယ်လူရွယ်အနည်းစုအနေနဲ့ (ULA/AA) က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွဲဖို့ ကြိုးစား အားထုတ်လာတာတွေကို ကြားသိနေရတယ်လို့လည်း ဆိုပါတယ်။

အထက်ပါကိစ္စကြောင့် အခုအချိန်ကာလတွေအတွင်း ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ရက္ခိုင်ပြည်ရဲ့ ပြင်ပသို့ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေကြတဲ့သူတွေကို တားမြစ်ကာ အောက်ဖော်ပြပါ စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စည်းကမ်းချက်တွေကတော့

(၁) ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ အာရက္ခဒေသအတွင်းက နေရပ်စွန့်ခွာပြီး သွားလိုကြတဲ့သူတွေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ အာရက္ခဒေသရဲ့ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားကြသူတွေကို သွားလာခွင့်မပြုဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေတခုသို့ ရောက်ရှိလာတဲ့အထိ တားမြစ်လိုက်ပါတယ်။

(၂) အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေက လွဲပြီး နေရပ်စွန့်ခွာ သွားလိုကြသောသူတွေဟာ NDEP ပြဋ္ဌာန်းချက်ပါ အသက်အရွယ် (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်း အကျုံးဝင်တဲ့သူတွေကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်လိုက်ပါတယ်။

(၃) အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလိုကြတဲ့သူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ အခကြေးငွေယူပြီး သယ်ယူပို့ဆောင် ပေးနေသူတွေကို တားမြစ်လိုက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်။

(၄) အခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်တွေ၊ နွားကုန်သည်တွေ၊ နွား အငှားလိုက်သူတွေ ကုန်သည်တွေ အနေနဲ့ သွားလာကြတဲ့ အချိန်တွေမှာ လူပိုတွေကို ခေါ်ဆောင်တာ၊ အခကြေးငွေယူပြီး လူကယ်ရီ ပို့ဆောင်တာတွေကို လုံးဝ မပြုလုပ်ဖို့ တားမြစ်လိုက်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခဒေသရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေ မနင်းမိစေဖို့အတွက်နဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို ရောက်ရှိပါက စစ်မှုထမ်းရန် စုဆောင်းရေးမခံရစေဖို့အတွက်နဲ့ လူမှောင်ခိုဂိုဏ်းတွေ၊ ကျားဖြန့်ဂိုဏ်းတွေရဲ့ လက်ထဲကို မရောက်ရှိစေဖို့အတွက်နဲ့ ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်တာ ကြောင့် တိုက်ပွဲတွေအတွင်း ကြားညှပ်မသွားစေဖို့နဲ့ မိုင်းအန္တရာယ်တွေမှာ ကင်းလွတ်စေဖို့ကိုလည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး