KNDF ကို ညီနောင်မဟာမိတ် ဂုဏ်ပြု

အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၅)

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၄ နှစ်ပြည့် အတွက် AA, MNDAA, TNLA စုပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့က ဂုဏ်ပြုပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဟာ တက်ကြွဖျတ်လတ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ စုဖွဲ့မှုကောင်းစွာ တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ ကရင်နီဒေသအတွင်း ရန်သူ့စခန်း တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ထိုက်တန်တဲ့ အောင်မြင်မှုနဲ့အတူ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်” လို့ ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။

KNDF တပ်သည် ကရင်နီလူမျိုးများနဲ့ ဒေသအတွင်းရှိ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချနိုင်ရေးတို့အတွက် ကရင်နီလူမျိုးများဖြင့်စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။

“ လေးနှစ်တာတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ဘဝများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရတဲ့ ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုတိုင်းကို မိမိတို ညီနောင်မဟာမိတ် ၃ ဖွဲ့က လေးနက်စွာ ဂုဏ်ပြုအပ်ပါတယ်” လို့လည်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။

ကရင်နီပြည်သူလူထုတစ်ရပ်လုံးနဲ့ KNDF က မျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး