အာရက္ခတိုင်းမ်စ် (၆ ဇွန် ၂၀၂၅)
စစ်ကောင်စီရဲ့ နေဗီကနေ သံတွဲကမ်းခြေတစ်လျောက်ကို ပစ်ခတ်နေတယ်လို့ သတင်းထွက်နေတာဟာ ကောလာဟလသာ ဖြစ်တယ်လို့ သံတွဲမြို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်ထဲမှာ မုန်းတိုင်းလည်း ရှိတယ်၊ လေပြင်းတွေလည်း တိုက်တယ်၊ မိုးလည်း သည်းတဲ့ စစ်ကောင်စီရဲ့ နေဗီတွေက ကြောက်လန့်ပြီး ကမ်းနီးကို ကပ်လာတာ၊ မိုးတိတ်သွားတော့ ဒီဘက်က လှမ်းမြင်ရတော့ လှမ်းထုလိုက်တာ ပင်လယ်ထဲကို ပြန်ပြေးသွားတယ်” လို့ သံတွဲမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အာရက္ခတပ်တော်က သံတွဲမြို့သိမ်းပြီးနောက် ပင်လယ်ကမ်းခြေတစ်လောက်ကို ပြန်လည်ဝင်ရောက်ခွင့် မပြုခဲ့ပေမယ့် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက်မှာ နေရာအချို့ကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။
“ ကျမတို့မှာ အိမ်နဲ့က အဆက်အသွယ်လည်းမရတော့ အခု သတင်းကိုတွေ့တော့ အိမ်ကို အရမ်းစိတ်ပူသွားတာ။ လိုင်းတက်လို့ ရတဲ့သူအချို့ကို မေးကြည့်တော့ မဟုတ်ဘူးဆိုလို့ စိတ်အေးသွားရတာ” လို့ သံတွဲမြို့မှ ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မအိအိဖြိုးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်စခန်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၆ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ သူ လက်လွှတ်လိုက်ရတဲ့ ရက္ခိုင်ပြည်က မြို့နယ်တွေကို ရံဖန် ရံခါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။