အာရက္ခတိုင်းမ်စ် (၁၁ ဇွန် ၂၀၂၅)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ထွေ/အုပ် ရုံးတွင် ဒီကနေ့ မနက် ၁၀ နာရီခန့်က သံတွဲသား ၁ ဦး ဓါးထိုး အသတ်ခံရတယ်လို့ သိရပါတယ်။
အသတ်ခံရသူမှာ သံတွဲမြို့နယ် နန်းချောင်းကျေးရွာက အသက် ၃၆ နှစ်အရွယ် ကိုအောင်မြင့်မြတ်ဖြစ်ပြီး သူဟာ ထွေ/အုပ်ရုံးတွင် စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
“ ငွေကြေး အရှုပ်အရှင်းလို့တော့ ကြားတယ်။ သတ်တဲ့သူက အဲဒီ ထွေ/အုပ်ရုံးမှာ နေ့စား အလုပ်လုပ်နေတာ၊ စကားများပြီး နံကြားကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွးတယ်” လို့ ရန်ကုန်ရောက် သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သံတွဲမြို့နယ် နန်းချောင်းကျေးရွာက ကိုအောင်မြင့်မြတ်ဟာ သံတွဲမြို့ ထွေ/အုပ်ရုံးတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး အာရက္ခတပ်တော်က သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် ရန်ကုန်မြို့သို့ စစ်ရှောင်သွားရင်း မရမ်းကုန်းမြို့နယ်က ထွေ/အုပ်ရုံးမှာ တွဲဖက်တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
အဆိုပါ အောင်မြင့်မြတ်ကို ဓါးနဲ့ ထိုးသတ်သွားသူ အသတ် ၅၃ နှစ်အရွယ် ကိုကျော်စိုးမင်းဟာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယခုအချိန် ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။