စစ်ကောင်စီက နိုင်ငံတကာ ပုဂ္ဂိုလ်တွေပါ ဖိတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်

အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၅)

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လာမယ့် ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ကျင်းပသွားမယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး လူဦးရေ နှစ်ရာကျော်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲခေါင်းစဉ်ကိုတော့ Peace Forum လို့ပေးထားကြောင်း NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်သိသလောက်တော့ Peace Forum လို့ခေါ်တယ်။ ခေါင်းစဉ်ကတော့ Peace Forum ၂၀၂၅ ပေါ့။ အရင် မတ်လတုန်းက လုပ်တဲ့ Peace Talk ရဲ့ အဆက်ပေါ့။ မတ်တုန်းကတော့ ၂၄၊ ၂၅၊ ၂၆ Peace Talk ဆိုပြီး ၃ ရက် လုပ်ဖူးတယ်။ အခုကြတော့ Peace Forum ဆိုပြီးတော့ ၃ ရက်။ လူ ၂၀၀ ကျော်လောက် ဖိတ်ထားတယ်လို့ ကြားတယ်။ အဓိကကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေပါ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Peace Forum ဖွင့်ပွဲကို စစ်ကောင်စီခေါင်းဆောင်က တက်ရောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လူနှစ်ရာကျော် ဖိတ်ထားတဲ့အထဲ တော်လှန်ရေးအင်အားစုတွေ ပါဝင်မှု ရှိ၊ မရှိဆိုတာ မသိရသော်လည်း ပြီးခဲ့တဲ့ Peace Talk ဆွေးနွေးပွဲတုန်းကတော့ တော်လှန်ရေးအင်အားစုတွေ ပါဝင်တာ မတွေ့ပါဘူး။

၃ ရက်ကြာမယ့် အဲဒီဆွေးနွေးပွဲမှာတော့ ရွေးကောက်ပွဲအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အကြောင်းတွေလည်း ပါဝင်မယ်လို့ ကြားရကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောပါတယ်။

“ လူရာကျော် ဖိတ်ထားတယ်လို့ ကြားတယ်။ နိုင်ငံတကာက ပါရဂူတွေ ပါတယ်လို့ ပြောတယ်။ အဲဒီတော့ ဒါကို ဝိုင်းပြီးတော့ ကြည့်ရမှာပေါ့။ ဒီမှာလည်း သူတို့ ရွေးကောက်ပွဲကိစ္စ ပြောကြမယ်။ ရွေးကောက်ပွဲအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအကြောင်း ပြောမယ်။ နောက် ငြိမ်းချမ်းရေး ရရှိရေးအကြောင်း ပြောမယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး ပြောမယ်။ နောက်ပြီးတော့ ပထဝီနိုင်ငံရေး ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ တိုင်းပြည်ကြီး ဆုံးဆုံးမြုပ်မသွားအောင် ဘယ်လိုလုပ်မလဲဆိုတာတွေ ဆွေးနွေးကြမယ်လို့ အဲဒီလို ကြားရပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၄ နှစ်ကျော်ကာလအတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကိုပဲ ဖိတ်ခေါ်ကာ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဝင်တဲ့အတွက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မဖြစ်မြောက်တာဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး