စစ်တပ်က စစ်တပ်အလုပ်မလုပ်လို့ နိုင်ငံရေးချွတ်ခြုံကျ

အာရက္ခတိုင်းမ်စ် (၁၉ ဇွန် ၂၀၂၅ ခုနှစ်)

စစ်တပ်ဟာ စစ်တပ်အလုပ်ကို မလုပ်တာကြောင့် မြန်မာ့နိုင်ငံရေး ချွတ်ခြုံကျသွားတာဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ဖို့ကိစ္စဟာလည်း အများကြီးလုပ်‌ဆောင်ရဦးမယ့် ကိစ္စလို့ မြင်ကြောင်း သူက ပြောပါတယ်။

ဦးမျိုးကျော်က “တစ်နည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအရလည်း တပ်ကိုက နေရာ အရမ်း ပေးထားတာ ရှိတယ်။ တပ်ဟာ တပ်အလုပ်မလုပ်တဲ့အတွင်းမှာလည်း တိုင်းပြည်ချွတ်ခြုံ ကျသွားတယ်။ အဲဒါကြောင့် တပ်ဟာ တပ်အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံရေးကနေ ဖယ်ရမယ်ဆိုတဲ့ ကိစ္စတွေကလည်း အများကြီး စကားပြောရမယ့် ကိစ္စလို့ မြင်ပါတယ်။ အဲဒါကြောင့် အဖြေကတော့ ချက်ချင်း ရမယ်လို့ မထင်သေးပါဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေးမှာ ရွေးကောက်ပွဲက အဖြေဖြစ်ပြီး လက်နက်ကိုင်တိုက်ခိုက်တာက အဖြေမဟုတ်ကြောင်း တစ်ဖက်အင်အားစုက ပြောဆိုကြသလို လက်နက်ကိုင်တိုက်ပွဲဝင်တာက အဖြေဖြစ်ပြီး ရွေးကောက်ပွဲက အဖြေမဟုတ်ကြောင်း တစ်ဖက်အင်အားစုတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် တတိယအင်အားစုတွေကတော့ တွေ့ဆုံဆွေးနွေးရေးကသာ အဖြေဖြစ်ကြောင်း ထောက်ပြကြပါတယ်။

တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို သွားမယ်ဆိုပါက ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ ပိုမိုရှည်ကြာသွားနိုင်တယ်လို့ သုံးသပ်မှုတွေရှိသလို ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဆိုတာက အုပ်ချုပ်သူကို မကြိုက်နှစ်သက်တာ၊ မူလက ရရှိထားတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကြောင့် ဖြစ်ပေါ်လာတာပါ။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တိုင်းရင်းသားတွေဟာ မူလအခွင့်အရေး အချိုးဖောက် အခံရဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ တစ်နိုင်ငံလုံး ပိုမိုသိသာထင်ရှားလာခဲ့ကာ နိုင်ငံတစ်ဝှမ်း တော်လှန်လာခဲ့ကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ရုံနဲ့ အဖြေတစ်ခုကို သွားလို့မရဘဲ သေချာပေါက် စကားပြောကြရမှာ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“ဒါပေမယ့် ဒီလက်နက်ကိုင် တော်လှန်ရေးလုပ်ရုံနဲလည်း အဖြေတစ်ခုကိုကတော့ သွားလို့ မရဘူး။ တစ်နေ့မှာ သေချာပေါက် စကားပြောကြရလိမ့်မယ်။ အဲဒါကလည်း တော်လှန်ရေးဘက်က အားသာတယ်ဆိုရင်တော့ အပေါ်ကနေပြီး ခေါ်လို့ ရတာပေါ့။ အဲဒီလို အားမသာဘဲနဲ့ မူလရှိနေတဲ့ အခင်းအကျင်းသည် စစ်အာဏာရှင်တွေရဲ့ အခင်းအကျင်းပေါ်ကို လိုက်သွားတယ်ဆိုရင်တော့ ဒါက ဘယ်လိုမှ မူလအာဏာရှင်တွေရဲ့ စိုးမိုးရာ ပြည်ထောင်စုကိုပဲ ပြန်သွားတာ ဖြစ်တဲ့အတွင်းမှာ ဒီဟာလည်း အဆင်မပြေနိုင်ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ် အာဏာသိမ်းခဲ့တာဟာ ၄ နှစ်ကျော်ရှိပြီဖြစ်ပြီး နယ်မြေဒေသ အများအပြားကို စစ်ကောင်စီဘက်က လက်လွှတ်ထားရပေမယ့် မြောက်ပိုင်းဒေသတွေမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီဟာ ခံသာနေတာပဲ ဖြစ်ပါတယ်။

Related posts

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ရက္ခိုင်မှာ မိုးကြီးနိုင်