အာရက္ခတိုင်းမ်စ်(၂၅ ဇွန် ၂၀၂၅)
အရှေ့အလယ်ပိုင်းဒေသမှာ မငြိမ်မသက်မှုတွေကြောင့် ပြည်တွင်းမှာ ရွှေ၊ ဒေါ်လာ နဲ့ စက်သုံးဆီ ဈေးနှုန်းတွေ အမြင့်ဘက်မှာပဲ ရှိနေနိုင်သေးတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
တွင်းထွက်ပစ္စည်းဖြစ်ကြတဲ့ ရေနံ နဲ့ ရွှေတို့ဟာ ကမ္ဘာ့ဈေးကွက်ပေါ်တွင် မူတည်ကြပြီး ကမ္ဘာမှာ အတက်ဈေးဖြစ်နေပါက ပြည်တွင်းမှာလည်း အတက်ဈေးမှာသာ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
ဒါပေမယ့် ဒေါ်လာကတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး ကမ္ဘာမှာ ဒေါ်လာစျေးကျဆင်းနေပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေကြောင့် အတက်ဘက်မှာပဲ ရှိနေနိုင်တယ်လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကမ္ဘာ့ရေနံ supply က ဘယ်လိုအခြေအနေရှိလဲ။ အဲဒါကို တချက်ကြည့်ရမှာပေါ့။ ဒေါ်လာ နဲ့ ရွှေကတော့ ကမ္ဘာကို သူက affect ပဲ။ စစ်ဖြစ်တယ်ဆိုရင် ရွှေဘက်ကိုပဲလှည့်ကြတယ်။ ရွှေကတော့ ကမ္ဘာ့ရွှေဈေးက ကို စစ်ဖြစ်ရင်တော့ တက်မှာပဲ။ အဲဒီအပေါ် မူတည်ပြီးတော့ မြန်မာပြည်ရွှေဈေးလည်း လိုက်တက်မှာပဲ။ ဒေါ်လာကြတော့ နည်းနည်း ပြောရခက်တယ်။ ဘာလို့ဆို ဒေါ်လာတန်ဖိုးက ကမ္ဘာ့အခြေအနေနဲ့ ပြောရမယ်ဆိုရင် အမေရိကန်ရဲ့ စီးပွားရေး ဘယ်လောက်တည်ငြိမ်မှု ရှိသလဲ။ အမေရိကန်က စီးပွားရေး တိုးတက်မှု ဘယ်လောက် ရှိမလဲ။ အမေရိကန်ကိုယ်တိုင်က သူ့ငွေကြေး ဘယ်လောက် ခိုင်မာအောင် လုပ်နိုင်မလဲ။ အဲဒီအပေါ်မှာလည်း မူတည်တာပေါ့။ အခု ထရမ့်လုပ်နေတဲ့ အခြေအနေမျိုးကတော့ အမေရိကန် စီးပွားရေး သိပ်မတည်ငြိမ်ဘူး။ မငြိမ်တော့ ဒေါ်လာတန်ဖိုးက ကမ္ဘာမှာကို ကျနိုင်ခြေရှိတယ်။ ကမ္ဘာမှာ ဒေါ်လာတန်ဖိုး ကျပြီဆိုရင် ပုံမှန်အားဖြင့် မြန်မာမှာလည်း ဒေါ်လာဈေးကျမယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေက ပြည်ပထက် ကိုယ့်ပြည်တွင်း အခြေအနေကို ပိုပြီး မှီခိုရတာ များနေတယ်။ အခုဆို ပေါ်လစီအရ import ကိုတအားထိန်းထားတယ်။ ထိန်းထားတော့ ဒေါ်လာဈေးက တကယ့် demand supply ရှိသလောက် မတက်ဘူးပေါ့။ ဘာလို့ဆို import မလုပ်ရတော့ ဒေါ်လာပေါ်မှာ သိပ်အသည်းအသန် စိတ်မဝင်စားကြတော့ဘူး။ ကမ္ဘာ့အခြေအနေနဲ့က ဒေါ်လာဈေးမှာ တော်တော်များများ ပြောင်းပြန်ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဒေါ်လာဈေးဟာ ပြင်ပပေါက်ဈေး ၄၃၀၀ မှ ၄၆၀၀ ကျပ် ဝန်းကျင်ကြားမှာ ရှိနေပြီး ရွှေဈေးဟာ ကျပ်သိန်း ၈၀ ဝန်းကျင်မှာ ရှိနေပါတယ်။
လက်ရှိမှာတော့ ဒေါ်လာဈေးကို စစ်ကောင်စီက သွင်းကုန်တွေအပေါ် တင်းကြပ်ပြီး ဈေးမတက်ရေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့ပြင် မတ်လကုန်ပိုင်း အင်အားပြင်း မြေငလျင်ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်း ပဋိပက္ခများကြား အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လာမယ့်နှစ် နှစ်လယ်ပိုင်းအထိ စီးပွါးရေး ပြန်ပြီး နလန်ထူနိုင်ဖို့ မလွယ်ကူကြောင်း စီးပွါးရေးလေ့လာသုံးသပ်သူ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဟိုနေ့က world bank က ထုတ်ပြန်ထားတာမှာ အတော် ပြည့်ပြည့်စုံစုံ ပါပါတယ်။ လက်ရှိ ပဋိပက္ခတွေအပြင် ငလျင်က ထပ်ပြီးလှုပ်တော့ စီးပွါးရေးအခြေနေက အရင် ကမ္ဘာ့ဘဏ်က မှန်းထားတာ ဒီနှစ်မှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက် တက်မယ်ပေါ့။ အခုက အဲ့ ၂ ရာခိုင်းနှုန်း မတက်တဲ့အပြင် နောက်ထပ် ၂ ဒဿမ ၅ ရာခိုင်နှုန်းကျမယ်။ မနှစ်က မှန်းထားတာထက် ၄.၅ ရာခိုင်နှုန်း လောက် ထပ်ကျသွားတဲ့ သဘောပေါ့။ ကမ္ဘာကတော့ ပြည့်လည်းပြည့်စုံပါတယ်။ အဲဒီအတိုင်းပဲ မှန်းရမှာပဲ။ ဒုတိယနှစ်ဝက်မှာတင် ပြန်နလန်ထူဖို့က သိပ်မလွယ်ဘူး။ ကမ္ဘာ့ဘဏ်က မှန်းထားတာက ဒီနှစ်ကုန်ရင် လုပ်ငန်းတွေ ပြန်ပြီးတော့ လည်ပတ်နိုင်လိမ့်မယ်လို့တော့ မှန်းထားတယ်။ ဒါပေမယ့် အဲဒီဟာလည်း ဖြစ်နိုင်ဖို့ တော်တော်နည်းတယ်။ ဘာလို့ဆို ပျက်စီး ဆုံးရှုံးသွားတာတွေကို ပြန်ပြီးတော့ ထည့်နိုင်ဖို့ဆိုတာ အတော်ရုန်းရဦးမှာ။ ထည့်နိုင်တယ်ထားဦး ဝယ်လိုအားက ကျသွားပြီ။ ရှေ့နှစ် နှစ်လယ်ပိုင်းလောက်အထိတောင်မှ နလန်ထူဖို့ အတော် ကြိုးစားရဦးမယ့် အခြေအနေမှာ ရှိပါတယ်” လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခကျယ်ပြန့်လာမှုနဲ့ စီးပွါးရေးကျဆင်းမှုတွေကြောင့် ငလျင်ဒဏ်မခံရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ လူပေါင်း ၂ ဒသမ ၇ သန်းကျော် ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။