ကျောက်ဖြူ ပြိုင်စေ့ကေစခန်း မကျစေရေး စစ်ကောင်စီနည်းပေါင်းစုံနဲ့ ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့သိမ်းနိုင်ရန် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီအနေနဲ့ ပြိုင်စေ့ကေကျေးရွာအနီးမှာရှိတဲ့ အမှတ် ၃၂ တပ်ရင်း မကျစေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

“၃၂ တပ်ရင်း ကျမသွာဖို့အတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အစုံနဲ့ကို ခုခံနေတယ်။ ဒရုန်းတွေနဲ့လည်း အသုံးပြုသလို လေယာဉ်နဲ့လည်း လာကူတယ်။ ရေတပ်ကလည်း ပစ်ကူတွေ ပေးနေတယ်” လို့ ကျောက်ဖြူမြို့ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့နယ်က တပ်ရင်အချို့ကို သိမ်းပိုက်ထားပြီး အမှတ် ၃၂ ရဲတပ်ရင်း၊ ကပ်သပြေကာကင်းစခန်း နဲ့ ဓညဝတီရေတပ်ဌာနချုပ်ကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် ကျောက်ဖြူကို အလုံးစုံ သိမ်းပိုက်နိုင်သလို ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“လက်တွေ့မှာ ပြိုင်စေ့ကေ မကျအောင် နည်းပေါင်းစုံသုံးပြီး ခုခံနေပေမယ့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွေမှာ သူတို့ရဲ့ ဒရုန်းကြောင့် AA တွေ အကျအဆုံးများပြီး သူတို့နိုင်နေတယ်ဆိုပြီး လုပ်ဆောင်နေတယ်။ တကယ်ကတော့ မြေပြင် နဲ့ လိုင်းပေါ်က ပြောင်းပြန်ဖြစ်နေတယ်” လို့ ရက္ခိုင်စစ်ရေးလေ့လာသုံးသပ်သူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ကျောက်ဖြူတိုက်ပွဲ ခြောက်လကျော်အတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး နဲ့ စစ်ကောင်စီတပ်သား အများအပြား ကျဆုံးခဲ့သလို ဗိုလ်မှူးတဦး နဲ့ အခြားအဆင့်ရှိ စစ်ကောင်စီတပ်သား အများအပြားကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အလားတူ စစ်ရေးရှုံးနိမ့်နေတဲ့အတွက် စစ်ကောက်စီတပ်သားတွေဟာ တပ်ကနေ ထွက်ပြေးလာပြီး အာရက္ခတပ်တော်ထံ လက်နက်ချ အညံ့ခံတာတွေလည်း ရှိနေပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ