စစ်ကောင်စီက လျှော့မယ့်ပုံ မရှိတာကြောင့် လက်နက်နဲ့ပဲ စကားပြောရမယ်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

အာဆီယံဘက်က ရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းရေးနဲ့ ရန်လိုမှုအားလုံးချုပ်ငြိမ်းရေးဟာ ဦးစားပေး ဖြစ်တယ် လို့ ဆိုပေမယ့် စစ်ကောင်စီဘက်က လျှော့မယ့်ပုံမရှိသေးတာကြောင့် လက်နက်နဲ့ပဲ စကားပြောရမှာ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ စစ်ကောင်စီနဲ့လည်းတွေ့ဆုံသလို NUG တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကာ နှစ်ဖက်အင်အားစုတွေတွေ့ဆုံနိုင်ရေးကို တိုက်တွန်းနေတာပါ။

ဒေါက်တာလှကျော်ဇောက “မလေးရှားကလည်း အခုသူတို့ ကြိုးပမ်းနေတဲ့ဟာက စစ်ကောင်စီနဲ့ NUG နဲ့ စေ့စပ်နိုင်မှုပေါ့။ NUG တစ်ခုတင် မဟုတ်ဘူးပေါ့ အတိုက်အခံအင်အားစုနဲ့ စေ့စပ်ပြီးတော့ အပစ်အခတ် ရပ်စဲရေးတွေဘာတွေ လုပ်ဖို့အတွက် တွန်းတော့ တွန်းနေတာပဲ။ ဘယ်လောက် ဖြစ်လာမယ်တော့ မပြောတတ်ဘူး။ စစ်ကောင်စီကတော့ အခုလောလောဆယ်ကတော့ နည်းနည်းမှ လျှော့မယ့်ပုံမပေါ်ဘူး။ NUG ကလည်း ပြောထားတာပဲ သူတို့ ဘာအချက်အလက်တွေရရင် ပြောမယ်ဆိုတာ။ စစ်ကောင်စီကသာ သူက ပြောကိုမပြောတာလေ။ မင်းအောင်လှိုင်ပြောနေတာကို ကြည့်ပါလား နိုင်ငံရေးအာဏာကို အကြမ်းဖက်ယူလို့မရဘူး ဘာဘူးနဲ့ သူမို့လို့ အရှက်မရှိပြောနေတယ်။ အဲဒီတော့ သူ့ဘက်ကလည်း လျှော့မယ့်ပုံမရှိဘူးလေ။ အဲဒီတော့ သူတို့နားလည်တဲ့ ဒီလက်နက်နဲ့ပဲ ကျမတို့ဘက်ကလည်း စကားပြောရမှာပဲ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး မပါဝင်ဘူးဆိုရင် ရွေးကောက်ပွဲ ကျင်းပနေလည်း မထူးဘူးလို့ (၅၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတိုင်းနဲ့ သက်ဆိုင်သူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရမယ်လို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြောခဲ့ကြောင်း၊ နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေ ပိုဆိုးသွားဖို့ပဲရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

မြန်မာမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးဟာ အပစ်အခတ်ရပ်စဲပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကို မတားဆီးဖို့ အာဆီယံဝန်ကြီးများ အစည်းအဝေးကာလအတွင်း မြန်မာ့အရေးဆွေးနွေးမှုမှာ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က သဘောတူခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို လေးစားဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဆန္ဒရှိနေကြတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ