အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် သံတွဲ နဲ့ တောင်ကုတ်မြို့နယ်က ရပ်ကွက် နဲ့ ကျေးရွာ အချို့မှာ ရေစတင် နှစ်မြုပ်နေတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်တွင် ဇူလိုင်လ ၂၂ ရက် ညနေ ၆ နာရီက စတင်ပြီး ဇူလိုင်လ ၂၈ ရက်အထိ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
“အနိမ့်ပိုင်း ရပ်ကွက်တွေတော့ ရေစဝင်နေပြီ။ မိုးက ဆက်တိုက်ကို ရွာတာဆိုတော့ ရေဆက်တက်မယ်လို့တော့ ထင်တယ်။ ချောင်းရေကတော့ တော်တော်လေး ပြင်းပြင်းထန်ထန် စီးဆင်းနေတယ်” လို့ သံတွဲမြို့နယ်ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်က ရေနစ်မြုပ်နေတဲ့ နေရာတွေကတော့ ကံပိုင်၊ ဂူတာ နဲ့ သိမ်တောင်ရပ်ကွက် တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် ဇွန်လကုန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူညီလိုနေတယ်လို့လည်း သိရပါတယ်။
“လက်ရှိ ရေလွှမ်းမိုးခံရတဲ့ ဒေသများကို HDCO က သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနဲ့အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက် ရှိပါတယ်” လို့ HDCO က ဆိုပါတယ်။
၂၀၂၅ ခုနှစ၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုမျာင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – Golden Era Media