စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နိုင်ငံတကာစံနှုန်း နဲ့ လူထုသဘောထား မပါ

အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၅)

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းအရ အရည်ချင်းမပြည့်မီသလို လူထုသဘောထားလည်း မပါတဲ့အတွက် မဖြစ်သင့်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွာမှာဖြစ်တယ်လို့ ပြောဆိုထားတာပါ။

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ သဘောဆန္ဒမပါတဲ့အတွက် သင့်လျော်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာမဟုတ်ကြောင်း၊ လူဘယ်နှစ်ယောက်ပဲ ပေးသည်ဖြစ်စေ ရွေးကောက်ပွဲ တရားဝင်တယ်လို့ ကြေညာနိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက် ဥပဒေကို အမျိုးမျိုးပြင်၊ လိုရာကိုဆွဲပြီးတော့ လုပ်နေတဲ့ အခါမှာ ‌ရွေးကောက်ပွဲလည်း ဒီနှစ်မှာ ကျင်းပတယ်ဆို၊ ဘယ်နှစ်ယောက်ပဲ ပေးပေး၊ ဘယ်နှစ်မြို့ပဲ ပေးပေး အဲဒါကို တရားဝင်တယ်လို့ ကြေညာကောင်း ကြေညာနိုင်တယ်လေ။ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာက‌တော့ ဒါပေမယ့် နိုင်ငံတကာ စံအရရော ပြည်သူတွေရဲ့ ဆန္ဒသဘောထားရော အဲဒါတွေတော့ ပါမှာမဟုတ်ဘူး။ ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ သူတို့ဘက်ကတော့ ဖြစ်တယ်လို့ ပြောမှာပဲ။ ကျနော်တို့ကတော့ ပြည်သူတွေရဲ့ သဘောဆန္ဒ မပါတဲ့အတွင်းမှာ ဒီဟာတွေက ဘယ်လိုမှ မသင့်တော်၊ မလျော်ကန်တဲ့လုပ်ငန်းပဲဖြစ်တယ်။ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုလည်း အဲဒီဟာမျိုးပဲဖြစ်မယ်။ ခေတ်အဆက်ဆက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေလို ဘယ်လိုနည်းမှ အဲဒီစံကို မှီမှာမဟုတ်တဲ့အတွင်းမှာ ဒီရွေးကောက်ပွဲကို ကျနော်တို့ကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး မပါဝင်ဘူးဆိုရင် ရွေးကောက်ပွဲကျင်းပနေလည်း မထူးဘူးလို့ (၅၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတိုင်းနဲ့ သက်ဆိုင်သူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရမယ်လို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြောခဲ့ကြောင်း၊ နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေ ပိုဆိုးသွားဖို့ပဲရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အခုနှစ်ကုန်မှာ ရွေးကောက်ပွဲ လုပ်နိုင်မှု ရှိ၊ မရှိအပေါ် အမျိုးမျိုး သုံးသပ်မှုတွေ ရှိနေသလို သက်တမ်းထပ် တိုး၊ မတိုးအပေါ်မှာလည်း သုံးသပ်မှုများရှိနေပါတယ်။

တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ကျမတို့အမြင်ကတော့ အမြင်ကတော့ နှစ်ခုစလုံးဖြစ်နိုင်တယ်။ သူထပ်ရွှေ့ကောင်း ရွှေ့နိုင်တယ်။ သို့မဟုတ် သူ မဖြစ်ဖြစ်အောင် နာဂစ်တုန်းက ဖွဲ့စည်းအုပ်ချုပ်ပုံလုပ်သလို မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့ဒေသလေးမှာ လုပ်ပြီး အဲဒါကို တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ဟာမျိုး လုပ်ပစ်လိုက်ပြီးတော့ တရားဝင်ဖြစ်အောင်တော့ လုပ်ချင်လုပ်မှာပေါ့။ ဘာလုပ်လုပ်ပါ ရွေးကောက်ပွဲ လုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်ဖြစ်သည်ဖြစ်စေ ဒီ စကစကိုတော့ ပြည်သူလူထုက လက်မခံတော့ဘူးဖြစ်တဲ့အတွက် ဒါကို ပြုတ်တဲ့အထိ ဝိုင်းတိုက်ကြဖို့ပဲ ရှိတာပဲလေ။ သူက ထပ်တိုးမှာပဲ။ သူကရွေးကောက်ပွဲလုပ်မယ်၊ ဘာမယ် ညာမယ် ပြောလို့သာပြောတာပါ သိပ်ဖြစ်လာမယ်မထင်ဘူး။ ကျန်တဲ့လူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြမှာပဲ။ စကစကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ၆ လပြည့်ရင်လည်း သူထပ်တိုးမှာပဲ ဘာမှပူစရာမရှိဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရသလိုမြို့နယ်ပေါင်း ၉၀ ကျော် လက်လွှတ်ထားရတာပါ။

အဖက်ဖက်ကနေ ရှုံးနိမ့်နေတဲ့ စစ်ခေါင်းဆောင်ဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးသွားမယ်လို့ နိုင်ငံတကာကို ကတိကဝတ်ပြုပြောကြားတာဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ