အာရက္ခတိုင်းမ်စ် (၁၂ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ဆေးတွေရဲ့ ဈေးနှုန်းဟာ အရင်ကထက် ၃ ဆခန့် မြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စစ်တွေမှာ လက်ရှိအခြေအနေက အရင်တုန်းက ဈေးနှုန်းထက်ပိုပြီးတော့ ၃ ဆလောက် ဈေးတက်တယ်။ အရင်တုန်းက အားဆေး အော်ရာမင်ဂျီနဲ့ပဲ နှိုင်းပြောရရင် အရင်တုန်းက တစ်ကဒ်ကို အလွန်ဆုံး ၃၅၀၀၊ ၄၀၀၀၊ ၄၅၀၀ အဲဒီလောက်ပဲရှိတယ်။ အခုက ၉၅၀၀ ဆိုတော့ တစ်သောင်းကပ်နေပြီ။ ၅ လုံးတစ်ကဒ်ကိုနော်” လို့ သူကပြောပါတယ်။
လေကြောင်းလိုင်းကလွဲပြီး ကျန်လမ်းကြောင်းတွေအကုန်လုံးကို စစ်ကောင်စီက ပိတ်ပင်ထားတာဟာ လာမယ့် နိုဝင်ဘာလမှာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။
ရေကြောင်းလမ်းကနေ သင်္ဘောနဲ့ တင်ပို့လာတဲ့ ကုန်တွေကိုပဲ ဒေသခံလူထုတွေက စောင့်မျှော် စားသုံးနေရတာ ဖြစ်ပါတယ်။
အလုပ်အကိုင်တွေ ရှားပါးနေတဲ့ စစ်တွေမြို့မှာ ဆေးတွေ အခုလို ဈေးအဆမတန် တက်သွားတဲ့အတွက် မဖြစ်မနေ သောက်ရမယ့် အားဆေးတွေဆိုရင် ပုံမှန်သောက်နေကြဆေးထက် အာနိသင်တူပြီး ဈေးသက်သာတဲ့ ဆေးတွေကို ပြောင်းလဲ ရွေးချယ်သောက်သုံးလာကြရတယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တစ်နေ့တစ်လုံးဆီ ပုံမှန်သောက်နေရတဲ့ဆေးတွေကိုတော့ တစ်နေ့တစ်လုံးဆီ ပုံမှန်သောက်နိုင်အောင်လို့ ကြိုးစားတယ်။ သောက်နေတဲ့ဆေးက အရင်တုန်းက သောက်နေတဲ့ဆေးတော့ မသောက်နိုင်တော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ အရင်တုန်းကထက် ဈေးက ၃ ဆ လောက်တက်သွားတယ်ဆိုတော့ ဆေးအာနိသင်ချင်း တူတယ်၊ အရင်တုန်းက တစ်ကဒ်မှ ၁၅၀၀ ရှိတဲ့ဆေး အခုဆိုရင် ၄၅၀၀ အဲဒီလိုဆေးတွေ သောက်ရတယ်ပေါ့။ ပုံမှန်သောက်နေဖို့အတွက်။ အော်ရာမင်ဂျီသောက်နေတော့ ၅ လုံးတစ်ကဒ်ကို တစ်သောင်းဆိုရင် အဲဒီ ၅ လုံးတစ်ကဒ်ကို နေ့တိုင်းသောက်လို့လည်း အဆင်မပြေဘူး။ တစ်ရက်ခြားသောက်လို့လည်း မကိုက်ဘူး။ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူးလေ။ အဲဒီတော့ အော်ရာမင်ဂျီအစား တခြားအားဆေးတစ်မျိုးပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေက အပ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုကို စစ်ကောင်စီရဲ့ ကာ/လုံက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပါတယ်။
ရက္ခိုင်တစ်ပြည်လုံးမှာ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ဖို့ ကျန်ရှိနေပြီး ကျောက်ဖြူမှာတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရေးပြင်းထန်ခဲ့ပေမယ့် အခုအခါမှာတော့ စစ်ရေးဟာ ငြိမ်သက်လျက်ရှိပါတယ်။