စစ်တွေမြို့က ထွက်ပြေးတိမ်းရှောင်သွားတဲ့ဒေသခံအချို့ ပြန်ဝင်လာကြ

အာရက္ခတိုင်းမ်စ် (၁၅ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ချိန်က စိုးရိမ်မှုနဲ့ ရန်ကုန်မြို့အပါအဝင် အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေထဲက အချို့ဟာ စစ်တွေမြို့ကို ပြန်ရောက်နေကြပြီလို့ ဒေသခံတွေ ထံက သိရပါတယ်။

တခြားဒေသတွေမှာ အိမ်ငှားနေရတဲ့ ဒုက္ခအပါအဝင် အလုပ်အကိုင်မရှိမှုတွေ၊ ကုန်ကျစရိတ် မြင့်တက် တာတွေကြောင့် တိုက်ပွဲမဖြစ်တဲ့ စစ်တွေမြို့ကို ပြန်လည် ပြောင်းရွှေ့လာကြတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တော်တော်များများ ပြန်ရောက်နေကြပြီဆိုတာ။ စစ်တွေမှာ ဘာမှမဖြစ်တော့ တိုက်ပွဲလည်း မဖြစ်ဘူး။ ဘာမှလည်း မဖြစ်ဘူးဆိုတော့ ကိုယ့်အိမ်မှာ ကိုယ်နေတာထက်စာရင် ရန်ကုန်မှာ ငှားနေတာက အလုပ်မရှိ၊ အကိုင်မရှိ ရန်ကုန်မှာ သွားငှားနေကြတယ်။ ကလေးတွေ ကျောင်းသားတွေရှိတဲ့ လူကြတော့ ကလေးတွေ ကျောင်းတက်ရတာကို အချိန်စောင့်နေရလို့ ကျောင်းပိတ်မှ ပြန်လာကြရတာ။ အခုတော့ စစ်တွေမှာ ကျောင်းထားတယ်။ အသိမိတ်ဆွေတစ်ယောက် အဲဒီလို ပြောသံကြားတယ်။ ပြန်လာတယ်ဆိုတာက ဘာမှမဖြစ်လို့ ပြန်လာတာပေါ့။ ရန်ကုန်မှာ ငှားနေတဲ့စရိတ်တွေ မတတ်နိုင်တော့လို့ ပြန်လာတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲတွင် ပြင်းထန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ စတင်ကာ ရက္ခိုင်ပြည်သူလူထုတွေထဲက ငွေကြေးတတ်နိုင်သူတွေဟာ ရန်ကုန်၊ မန္တလေးအပါအဝင် တခြားဒေသတွေကို အသီးသီး ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။

ဒါပေမယ့် ၂ နှစ်နီးပါးကြာမြင့်တော့မှာဖြစ်တဲ့ ရက္ခိုင်ပြည်က လက်နက်ကိုင်ပဋိပက္ခအတွင်း မြို့ပြရဲ့ ကြီးမြင့်တဲ့ အိမ်ငှားခအပါအဝင် အခြားကုန်ကျစရိတ်တွေကြောင့် အခုလိုပြန်လာကြတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အရင် ၂ နှစ်တာအတွင်းမှာ ပိတ်ထားခဲ့တဲ့ ဆံပင်ညှပ်ဆိုင်တွေလည်း ပြန်ဖွင့်နေပြီဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကိုယ့်အိမ်မှာ ကိုယ် ကိုယ့်နေရာနဲ့ကိုယ်၊ ကိုယ့်အလုပ်လေးတွေ ပြန်လာလုပ်တယ်ပေါ့။ အခုဆိုရင် စစ်တွေမှာ အရင်တုန်းကမရှိတဲ့ ဆံပင်ညှပ်ဆိုင်တွေလည်း ပြန်ဖွင့်နေတယ်။ အလှပြင်ဆိုင်လေးတွေပေါ့။ ယုဇနဘက်မှာ ငှားနေတာတဲ့။ ကလေးတွေ ကျောင်းတွေရှိလို့သာ သွားတာ။ ပါသွားတဲ့ဟာ နည်းနည်းပါးပါးနဲ့ အလုပ်မဖြစ်လို့ ထိုင်စားတာနဲ့ဆိုတော့ ဘာမှမရှိလို့ ကုန်လို့ ပြန်လာတာလို့ ပြောတယ်” လို့ သူက ပြောပါတယ်။

လက်ရှိတွင် ရခိုင်ပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး AA အနေဖြင့် ချမှတ်ထားတဲ့ ပန်းတိုင်ကို အဆုံးထိရောက်အောင် ဆက်လက်ချီတက်သွားဖို့ ဖြစ်ကြောင်း အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ