မြောက်ဦးဆရာတော် စစ်တွေတွင် ပြည်သူ ၁၀၀၀၀ ကျော်ကို ထမင်း၊ ဟင်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၈ သြဂုတ် ၂၀၂၅)

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ သက်တော် ၆၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၂၇ ရက်က ရက္ခိုင်ပြည် စစ်တွေမြို့တွင် ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ကို ထမင်းနဲ့ ဟင်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ နေရာ ၆ နေရာခွဲပြီး ဆရာတော်က လှူဒါန်းတာ၊ တချို့နေရာဆို လူ ၃၀၀၀ ကျော်တောင် ရှိတယ်။ ရက္ခပူရဗုဒ္ဓတက္ကသိုလ်မှာပဲ ၄၀၀ ကျော် ကျန်နေရာတွေကို ထောင်ကျော်တွေချည်းပဲ” လို့ စစ်တွေမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ သက်တော် ၆၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေမြို့ မင်းဂံရပ်ကွက် ရက္ခပူရသာသနာ့ဗိမာန်‌ကျောင်းတွင် လူ ၁၇၀၀ ကျော် နဲ့ မင်းဂံရပ်ကွက်အတွင်းနေထိုင်သူ ပြည်သူ ၃၅၀၀ ကျော်၊ ရွှေပြားကျောင်းတွင် လူ ၁၇၀၀ ကျော်၊ ကျားရုပ်ကျောင်းတွင် လူ ၃၀၀၀ ကျော် နဲ့ ရက္ခပူရဗုဒ္ဓတက္ကသိုလ်တွင် လူ ၄၀၀ ကျော် ကို ဆရာတော်ကိုယ်တိုင် ဦးစီးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ အခုလို အရမ်းကြပ်တည်းချိန်မှာ ဆရာတော်ဘုရားက တကာ၊ တကာမတွေကို အခုလို စွန့်ကြဲတော့ အတိုင်းမသိ ဝမ်းသာပီတဖြစ်ရတယ်။ အသက်ကြီးနေတဲ့ အဖိုးကြီး၊ အဖွားကြီးတွေတောင် ဆရာတော်ဘုရားကို ဖူးချင်လို့ သွားတန်းစီကြတယ်” လို့ နောက်ထပ် စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းလိုင်းကလွဲပြီး ကျန်လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ပင်ထားတာဟာ လာမယ့် နိုဝင်ဘာလမှာ ၂ နှစ်ပြည့်ပြီဖြစ်ကာ ရေကြောင်းလမ်းကနေ သင်္ဘောနဲ့ တင်ပို့လာတဲ့ ကုန်တွေကိုပဲ ဒေသခံလူထုတွေက စောင့်မျှော် စားသုံးနေရတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ