အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ပြိန်းချောင်းရွာတွင် ဓားပြတိုက် လူသတ်တရားခံ အချုပ်ခန်းထဲနေ ထွက်ပြေးသွားတယ်လို့ ကနဦး သတင်းရရှိပါတယ်။
“ အခု တရားခံက သူသတ်ပါတယ်လို့လည်း ဝန်ခံထားတယ်။ လက်ခံပစ္စည်းနဲ့လည်း အတူတူ မိထားတာပါ” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ထွက်ပြေးသွားတဲ့ လူသတ် တရားခံဟာ ဇူလိုင်လ ၂၄ ရက်က လူသတ် ဓားပြတိုက်ကာ ရွှေ ၃ ကျပ်သားကျော်နဲ့ ငွေသားအချို့ ယူဆောင်သွားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ ဝန်ခံထားတဲ့ လူတယောက်ကို တရားရုံးချိန်းပေါင်း ခေါ်ဆိုပြီးတော့ တရားမစီရင်ခင်မှာ ထွက်ပြေးတာဆိုတော့ တရားမစီရင်ချင်လို့လားလို့ မေးခွန်းထုတ်ချင်တယ်” လို့ ကျောက်တော်မြို့ နောက်ထပ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ထွက်ပြေးသွားတဲ့ လူသတ်တရားခံဟာ အသက် ၃၅ နှစ် အရွယ် ကိုညီညီစိုး ဖြစ်ပြီး ဇာတိကတော့ ကြာညိုပြင်ရွာဖြစ်ပြီးတော့ အမှုမဖြစ်ခင်အထိ ပြိန်းချောင်းရွာတွင် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေသူဖြစ်တယ်လို့ သိရပါတယ်။