အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

အာရက္ခတိုင်းမ်စ် (၁၃ စက်တင်ဘာ ၂၀၂၅)

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ လက်တုံ့ပြန်မယ်လို့ အာရက္ခတပ်တော် AA က သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ် ကိုယ်ပိုင်စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေ​ကြောင်းဗုံးကြဲဆိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသား ၁၉ ဦးကျော်သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ယခုလို လူမဆန်တဲ့ လုပ်ရပ်နဲ့ စစ်ရာဇဝတ်ကျူးလွန်မှု အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေထံသို့ ပေးပို့သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာနွေကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ စစ်ဘက်ပစ်မှတ်တွေထက် အရပ်ဘက်ပစ်မှတ်တွေကိုသာ အငြိုးကြီးစွာနဲ့ လူမျိုးရေးအမုန်းတရားကို အခြေခံပြီး လေကြောင်းမှ ဗုံးကြဲမှုတွေကို အာရက္ခဒေသအတွင်း ယခင်ကထက် ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ သေဆုံးသူ (၂၆) ယောက်၊ ဒဏ်ရာရရှိသူ (၁၂) ယောက် နှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှာ မြောက်ဦးမြို့နယ်မှာ အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေရဲ့ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မေလ (၁၃) ရက်နေ့မှာ ရသေ့တောင် မြို့နယ်၊ ထွန်းရဝေရွာဟောင်းမှာ အပြစ်မဲ့အရပ်သား သေဆုံးသူ (၁၂) ယောက်၊ ဒဏ်ရာရရှိသူ (၂၃) ယောက် နဲ့ လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရပြီး မေလ ၁၄ ရက်မှာ ကျောက်တော်မြို့နယ်၊ ရွာမရပ်ကွက်မှာ (၈) ယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

နောက်ထပ် ဩဂုတ်လ (၂၅) ရက်မှာ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်မှ အလှူလုပ်ရန်ပြင်ဆင်နေကြတဲ့ နေအိမ်ပေါ်ကို ဂျက်ဖိုက်တာ (၁) စီးနဲ့ လေကြောင်းကနေ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အလှူအိမ်မှ မိသားစုဝင်တွေနဲ့ ကလေးငယ် (၅) ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၅) ဦး သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ်ပြည်သူ (၁၇) ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး လူနေအိမ် (၈) လုံး ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ယခင်ကထက် ပိုပြီးသတိထားကြဖို့၊ နိုးနိုးကြားကြား သတိအပြည့်နဲ့ နေထိုင်ကြဖို့ကိုလည်း အာရက္ခတပ်တော် AA က သတိပေး တိုက်တွန်းထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ