အာရက္ခတိုင်းမ်စ် (၁၄ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကျောင်းပညာကို ဆက်လက်သင်ယူဖို့ အခက်အခဲရှိတာကြောင့် ကျောင်းထွက်တဲ့ ကျောင်းသား ကျောင်းသူ များလာတယ်လို့ သိရပါတယ်။
ပလက်ဝမှာ အာရက္ခတပ်တော်က စာသင်ကျောင်း ဖွင့်လှစ်ထားပေမယ့် ကျောင်းဆရာ ဆရာမ လုံလောက်မှု မရှိတာကြောင့် အခကြေးငွေနဲ့ ဆရာမတွေကို ငှားရမ်းကြရပါတယ်။
လစဥ် ပေးဆောင်ကြရတဲ့ ငွေကြေးဟာ အတန်းပညာအလိုက် ၁ သောင်းခွဲကနေ ၅ သောင်းကျပ်အထိ ရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ကျောင်းသားမိဘတွေဟာ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြတာကြောာင့် အဲဒီ ကျောင်းလစဥ်ကြေးကို မပေးနိုင်ကြပါဘူး။
ဒါကြောင့် လက်ရှိမှာ အထက်တန်းပညာ သင်နေကြတဲ့ ကျောင်းသားတွေက ကျောင်းဆက် မတက်ကြတာ များလာတယ်လို့ ပလက်ဝဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ပလက်ဝက ကျောင်းသားနဲ့ ပတ်သက်လို့ ကျောင်းတွေကတော့ ဆရာ၊ ဆရာမတွေလည်း တစ်ယောက်မှ မရှိဘူး။ သူတို့လည်း သူတို့ဆရာတွေနဲ့ သင်တဲ့အခါကျတော့ သူတို့လည်း ကျောင်းဆရာ၊ ဆရာမတွေ မလောက်။ တချို့ ကျနော်တို့ဆီမှာ သတင်းပို့တာကကတော့ ကျောင်းသားတစ်ယောက်ကို မူလတန်းအရွယ်ကတော့ ၁ သောင်းခွဲ၊ ၂ သောင်း တောင်းတယ်။ နောက် အလယ်တန်း ၃ သောင်းခွဲ၊ အထက်တန်းတော့ ၅ သောင်း အဲဒီလိုတောင်းတော့ အထက်တန်းကျောင်းသားတွေက ကျောင်းမတက်ကြတော့ဘူး။ ထွက်ကြတဲ့သူ များတယ်။ နည်းနည်းတတ်နိုင်တဲ့သူ ၁ ယောက် ၂ ယောက် အဲဒီလောက်ပဲ တတ်နိုင်တယ်လို့တော့ ကြားတယ် ပလက်ဝနဲ့ ပလက်ဝနယ်ပေါ့” လို့သူက ပြောပါတယ်။
ပလက်ဝမှာ နယ်မြေတည်ငြိမ်ချိန်တွင် စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ရှိပေမယ့်လည်း လက်ရှိမှာ ၃ ပုံ ၁ ပုံခန့်သာ ဖွင့်နိုင်တာ ဖြစ်ပါတယ်။
လက်ရှိ ဖွင့်ထားတဲ့ ကျောင်းအရေအတွက်နဲ့ ဆရာ ဆရာမ လုံလောက်မှု မရှိတာကြောင့် ကျောင်းသားတွေဆီကနေ အခကြေးငွေကောက်ပြီး သင်နေကြရတာ ဖြစ်ပါတယ်။
“ ပလက်ဝမှာ ၃ ပုံ ၁ ပုံလောက်တောင် ဖွင့်မလား။ အများဆုံး ၃ ပုံ ၁ ပုံလောက်ပဲ ဖွင့်တာ များတယ်။ ကျောင်းပေါင်း ဘယ်လောက်ရှိမလဲဆိုတော့ ရွာပေါင်း ၃၀၀ ကျော်ဆိုတော့ ကျောင်း ၂၀၀ ကျော်တော့ ရှိမှာပေါ့။ ၁၀၀ တောင်မှ မဖွင့်လောက်ဘူး။ အခု ဖွင့်တယ်ဆိုတာက အခကြေးပေးပြီးတော့မှ ဆရာမတွေ ငှားတဲ့သဘောနဲ့ အဲဒီလို ကျောင်းသားတွေကို ကောက်တာလေ” လို့ ပြောပါတယ်။
အရင်က ပလက်ဝမှာရှိခဲ့တဲ့ ကျောင်းဆရာ ဆရာမတွေဟာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရန်ကုန်၊ မန္တလေးနဲ့ တခြားသော တိုင်းနဲ့ ပြည်နယ်တွေကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့အပြင် တချို့က အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။