အာရက္ခတိုင်းမ်စ် (၁၅ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က စာသင်ကျောင်းကို စက်တင်ဘာ ၁၂ ရက်က စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် ကျောင်းသားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ကိစ္စအပေါ် ရှုတ်ချကြောင်း အတုအယောင် ရွေးကောက်ပွဲ တိုက်ဖျက်ရေးကော်မတီ ASECC က ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို ဖက်ဆစ် စစ်ကော်မရှင်က လေကြောင်းနဲ့ ပေါင် (၅၀၀)ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ/ကျောင်းသား အနည်းဆုံး (၁၉) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၂၀) ဦးကျော် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကာ လက်ရှိအချိန်ထိ သေဆုံး ဒဏ်ရာရ လူဦးရေမှာ ထပ်တိုးလျှက်ရှိနေပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ ပါဝင်နေပြီး ရက္ခိုင်မှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးအားသာမှု ရဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို နေ့စဥ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၂၅ ဦးအထိ ပါဝင်ပြီး အဲဒီလုပ်ရပ်အပေါ် တရားမျှတမှုရရှိရေး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုန်း သတ်ဖြတ်မှု၊ ရက္ခိုင်လူထုတစ်ရပ်လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေတဲ့ ဖက်ဆစ် စစ်ကော်မရှင်နဲ့ အကြမ်းဖက် စစ်အုပ်စုတို့ကို နိုင်ငံတကာတရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ အချိန်နဲ့အမျှ အရေးကြီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တဆက်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်ရရှိဖို့ ကြိုးစားနေတဲ့ အတုအယောင် ရွေးကောက်ပွဲအပါအဝင် ကြိုးပမ်းမှုအားလုံးကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံးရဲ့ တရားမျှတမှုတိုက်ပွဲနဲ့ ချေမှုန်းသွားရမှာဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲ တိုက်ဖျက်ရေးကော်မတီ ASECC အနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။