အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ပေါက်တောမြို့နယ်မှာ စက်တက်ဘာလ ၁၇ ရက် မနေ့က ဒေသခံအမျိုးသမီးတဦး လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိသွားသူကတော့ ပေါက်တောမြို့နယ် မင်းတဲကျေးရွာက အသက် (၂၅) နှစ် အရွယ် မလှသန်းနု ဖြစ်ပါတယ်။
သူမဟာ စက်တင်ဘာလ ၁၇ ရက် မနေ့က ညနေ ၃ နာရီခန့်က ကျေးရွာအနီး ငါးရှာနေစဉ် စစ်တွေမြို့ ကမ်းနားလမ်းအနီး ကုလားတန်မြစ်အတွင်း ရပ်နားထားတဲ့ စစ်ကော်မရှင်ရဲ့ စစ်ရေယာဉ်တစီးက ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒေသခံတဦးက “ လက်နက်ကြီးက ပေါက်တောနယ်ဘက်ကို အလုံးပေါင်း ရေတွက်မရအောင်ကို ပစ်တာ။ ဒဏ်ရသွားတဲ့ အမျိုးသမီးကတော့ သူ ငါးရှာနေတဲ့ အနီးကို တလုံးကျကွဲတဲ့အချိန်မှာ ထိသွားတာလို့ သိရတယ်” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မလှသန်းနုရဲ့ ဘယ်ရင်အုံကို ကျည်စထိမှန်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်က မြို့နယ်အများစုကို လက်လွှတ်လိုက်ရပြီးနောက် ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့နယ်သုံးခုကို မကျရှုံးစေရေးအတွက် နည်းမျိုးစုံသုံးကာကွယ်နေတာလိ့် စစ်ရေးအကဲခပ်တွေက ဆိုကြပါတယ်။
စစ်ကော်မရှင်က သူတို့ လက်လွှတ်ဆုံးရှုံးခံထားရတဲ့ စစ်တွေမြို့ အနီးဝန်းကျင်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့ မြို့နယ်တွေကို ခေတ်မီဒရုန်းတွေ အသုံးပြု ကင်းထောက်လေ့ ရှိသလို အခုလို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။
Photo – APM