စစ်တွေမှာ စားဝတ်နေရေးအတွက် ပြည့်တန်ဆာလုပ်ကိုင်သူ ပိုများလာနေ

A prostitute waits for customers along a road of the Bois de Boulogne in Paris August 28, 2013. REUTERS/Christian Hartmann

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးအဆင်မပြေမှုတွေကြောင့် စားဝတ်နေရေးအတွက် ပြည့်တန်ဆာလုပ်ကိုင်သူ ပိုများလာနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ် အုပ်ချုပ်နေတဲ့ စစ်တွေမြို့မှာ ကုန်စည်တွေ ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ဒေသနေ လူထုတွေအတွက် မလုံခြုံမှု၊ အလုပ်အကိုင် မရှိသလောက် ရှားပါးနေမှုတွေကြောင့် ဒေသခံအမျိုးသမီးတွေဟာ အခုလိုမျိုး ပြည့်တန်ဆာအလုပ်ကို အချိန်ပိုင်းအလုပ်အဖြစ် လုပ်ကိုင်လာကြတာ ဖြစ်တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကားကြီးဝန်း ရှိတယ်မလား။ အဲဒီနားက လမ်းမတန်းတွေမှာဆိုရင် ကွမ်းယာဆိုင်တို့ ဘာတို့ ရောင်းပြီးတော့ အဲဒီလိုတွေ လုပ်နေကြတယ် ပြောတယ်။ အဓိကကတော့ စားဝတ်နေရေးပါပဲ။ စားဝတ်နေရေး မပြေလည်၊ ယောကျာ်းတွေက အလုပ်မရှိဆိုတော့ မိန်းမတွေက အဲဒီလိုမျိုး ဖြစ်ကြတာပေါ့။ အဲဒီလို လုပ်ပြီး ရှာကျွေး၊ ယောကျာ်းတွေလည်း စားပေါ့။ သားသမီးတွေ ပညာရေးနဲ့ ယောကျာ်း အဖမ်းခံထားရတော့ ယောကျာ်း အချုပ်ထဲမှာဆိုတော့ ထောင်ဝင်စာတွေ့ရမှာမို့လို့ ပိုက်ဆံတွေ မလောက်လို့ အဆင်မပြေလို့ အဲဒီလို လုပ်တယ်လို့တော့ ပြောတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူ အချို့တို့ဟာလည်း ထောက်ပံ့ပစ္စည်းတွေ ပုံမှန်မရောက်တဲ့အတွက် ပြည့်တန်ဆာအဖြစ် စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရကြောင်းလည်း သူက ပြောပါတယ်။

“ထောက်ပံ့တဲ့ဟာတွေက ပုံမှန်မရောက်ဘူး။ လုံလုံလောက်လောက် မရှိဘူး။ ပုံမှန်ရောက်တယ်၊ လုံလုံလောက်လောက် ရတယ်ဆိုရင်တော့ ဘယ်သူမှ အဲဒီလို အပြင်ထွက်ပြီး လုပ်စရာ မလိုဘူးပေါ့နော်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး အာရက္ခတပ်တော်နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေခဲ့တာဟာ လာမယ့် နိုဝင်ဘာလဆို ၂ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

အဲဒီ ၂ နှစ်တာ ကာလအတွင်းမှာ အကြမ်းစစ်တပ်ဟာ လေကြောင်းလိုင်းနဲ့ ရေကြောင်းလမ်းတို့ကိုသာ ဖွင့်ထားပေးပြီး ကျန်လမ်းကြောင်းတွေ အကုန်လုံးကို ဖြတ်တောက် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ