ရက္ခိုင်-ဘင်္ဂလားနယ်စပ်တွင် အကြမ်းဖက်သမားတွေက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုလုပ်နေ

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိနေတာကြောင့် နယ်စပ်နေ ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ လုံခြုံရေး သတိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ခြေကုပ်ရယူထားပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေကနေတစ်ဆင့် အာရက္ခဒေသရဲ့ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်လျက်ရှိနေတဲ့ အကြမ်းဖက်တွေကို ကာကွယ်တိုက်ဖျက်ဖို့ အာရက္ခတပ်တော်က နယ်စပ်မှာ လုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ​ပြောထားပါတယ်။

မောင်တောခရိုင်အတွင်းကို နယ်စပ်မှတစ်ဆင့် ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေဟာ လူသူကင်းဝေးတဲ့ တောတောင်တွေ၊ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြတဲ့ ဒေသခံပြည်သူလူထုတွေထဲမှ မူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို အခုရက်တွေမှာ ဆက်တိုက် လုပ်ဆောင်လျက် ရှိနေပါတယ်။

အဲဒါအပြင် အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေသယောင် တိုက်ပွဲအတုတွေကို ဖန်တီးကာ သူတို့ကို ပိုမိုထောက်ခံလာစေဖို့ ဝါဒဖြန့် လှုံ့ဆော်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

တောတောင်ထဲ၊ လူသွားလူလာပြတ်သည့်နေရာတွေမှာ တွေ့တဲ့ မူဆလင်မဟုတ်တဲ့ အာရက္ခဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အာရက္ခတပ်တော် ယူနီဖောင်းကို လဲလှယ်ကာ တိုက်ပွဲအတွင်း AA ရဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ ပုံစံမျိုးအဖြစ် လုပ်ကြံဖန်တီးပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေထက်မှာ ပုံမှားရိုက်လှည့်စားပြီး သူတို့အပေါ် ထောက်ခံတဲ့ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေထံက အားပေးမှု၊ ထောက်ပံ့မှုတွေကို ပိုမိုရရှိဖို့ ကြိုးစားလျက် ရှိနေတာတွေကိုလည်း တွေ့ရှိနေရတယ်လို့ ဖော်ပြပါတယ်။

ARSA၊ RSO အကြမ်းဖက် အဖွဲ့တွေဟာ ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ အာရက္ခ မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလလည်း ဖြစ်ပါတယ်။

ဒါကြောင့် နယ်စပ်ဒေသတွင်နေထိုင်ကြတဲ့ အာရက္ခမိဘ ပြည်သူများ အနေနဲ့ တောတောင်ထဲမှာ ဖြစ်စေ၊ လူပြတ်သောနေရာတွေမှာ ဖြစ်စေ တစ်ဦးတည်း (သို့) လူအနည်းစုနဲ့ သွားလာနေကြတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါဖို့၊ ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမယ့် အရေးကြီးကိစ္စတွေဆိုရင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရှိတဲ့ အနီးစပ်ဆုံးနေရာတွေကို သတင်းပေးပို့ပြီးမှ သွားလာကြပါဖို့ လုံခြုံရေး သတိပေးထားပါတယ်။

နယ်စပ်တစ်လျှောက် စိမ့်ဝင်ကာ အာရက္ခပြည်သူတွေ ကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ် အစွန်းရောက် ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို အာရက္ခပြည်အတွင်း ဥပဒေချိုးဖောက်မှုတွေ၊ အကြမ်းဖက် သောင်းကျန်းလှုပ်ရှားနေမှုတွေကို ကာကွယ်တိုက်ဖျက်ဖို့ အတွက် ULA/AA အနေနဲ့ အာရက္ခပြည်ရဲ့ လုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး နယ်စပ်မှာနေထိုင်ကြတဲ့ အာရက္ခပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ကို ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ